ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ထိုင်းဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်တစ်ပါးအား အုတ်ခဲဖြင့် ထုသတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု မတ် ၁ ရက်က ဖြစ်ပွားခဲ့ပြီး ရှောင်တိမ်းထွက်ပြေးနေသူ မြန်မာနိုင်ငံသားကို လေးရက်အကြာ မတ် ၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့အနီး မယ်ကုကျေးရွာ (တောင်) ရှိ ထိုင်းဘုန်တော်ကြီးကျောင်း ဝပ်မိုစူဝမ်း ကျောင်းထိုင်ဆရာတော် သက်တော် (၆၂) နီစွဝါတော် (၂၀) ကို အုတ်ခဲဖြင့် ထုသတ်ခဲ့သူ မောင်ဝင်းကျော်ဘိုကို မတ် ၄ ရက် ည ၁၀ နာရီခန့်က ဖမ်းဆီးရမိခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်မှာ မြန်မာနိုင်ငံသား အလုပ်သမားများအပေါ်များစွာ သက်ရောက်မှုရှိပြီး ဘုန်းကြီးတစ်ပါးကို သေဆုံးလောက်သည့်ထိ လက်ရောက်မှုကျူးလွန်ခြင်းမှာ လူကောင်းတစ်ဦးလုပ်ရပ်မဟုတ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောကြားသည်။
“ထိုင်းရောက်မြန်မာတွေကို ဒေသခံထိုင်းလူမျိုးတွေက လူမှုရေးပွဲ၊ ဘာသာရေးပွဲ၊ ယဉ်ကျေးမှုပွဲ ရပ်ရေးရွာရေး၊ စုပေါင်းသန့်ရှင်းရေးပွဲတွေမှာပါ မယုံကြည်အောင် တစိမ်းဆန်တဲ့ မျက်လုံးတွေနဲ့ ကြည့်လာနိုင်အောင် ဒေသခံလုံခြုံးရေးအဖွဲ့တွေကလည်း ပုံစံမျိုးစုံနဲ့ဖိနှိပ်လာအောင် စကားအားဖြင့် ဆဲဆိုကြိမ်းမောင်းလာအောင် ဒီမြန်မာတစ်ယောက်က ဆိုးရွားတဲ့အပြုအမူ လက်ရောက်မှုရဲ့ အကြီးမားဆုံး လူသတ်မှုကို ကျူးလွန်လိုက်တာဖြစ်တယ်၊ ငွေ ၇၀၀ လောက်တောင်းမရတာနဲ့ ကျောင်းထိုင်းဘုန်းကြီးကို အပြတ်ရှင်းလိုက်တယ်၊ လူသတ်မှုကျူးလွန်လိုက်တယ်ဆိုတာ ဒါလူကောင်းတစ်ယောက်က ပြုလုပ်ရမယ့်လုပ်ရပ်မဟုတ်ပါဘူး” ဟု ဦးမိုးကြိုးက ပြောကြားသည်။
ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်ညက ဆရာတော်ထံမှ ထိုင်းဘတ် ငွေ ၇၀၀ တောင်းရာ မရရှိသဖြင့် အုတ်ခဲဖြင့် ငါးချက် ထုသတ်လိုက်ခြင်းဖြစ်သည်ဟု ဖြောင့်ချက်ပေးခဲ့သည်ဟု ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။