၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၇ ရက်၌ စတင်စစ်ဆေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ စာမေးပွဲဝင်ရောက်ဖြေဆိုရန် ၈၄၀၀၀၀ ကျော် စာရင်းပေးသွင်းထား

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၇ ရက်၌ စတင်စစ်ဆေးမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ စာမေးပွဲဝင်ရောက်ဖြေဆိုရန် ၈၄၀၀၀၀ ကျော် စာရင်းပေးသွင်းထား
Published 6 March 2018

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သူအချို့အား တွေ့ရစဉ်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာအရ စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေ ၈၄၀၀၀၀ ကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့သည့်ပုံစံအတိုင်း တစ်နိုင်ငံလုံးရှိ ပြည်တွင်းစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြားစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံဖြင့် မေးခွန်းလွှာပုံစံ (Question Format) အား ပြောင်းလဲမည်မဟုတ်ဘဲ ယခင်နှစ်များကကဲ့သို့ပင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“မေးခွန်းလွှာပုံစံက လုံးဝမပြောင်းလဲပါဘူး။ အရင်နှစ်တွေတုန်းက ပုံစံအတိုင်းပဲ စစ်ဆေးမှာပါ။ ကျောင်းသားကျောင်းသူတွေ အလွတ်ကျက်မှတ်ဖြေဆိုရတာထက် ဆက်စပ်တွေးခေါ် စဉ်းစားသုံးသပ်ပြီး ဖြေဆိုရတဲ့ မေးခွန်းတွေကိုလည်း ထည့်သွင်းမေးမြန်းထားမှာဖြစ်ပါတယ်။ စာမေးပွဲလုပ်ငန်းစဉ်တွေကို သတင်းပေါက်ကြားမှုတွေမဖြစ်ဖို့ မေးခွန်း ပေါက်ကြားတာမျိုးတွေကိုလည်း မဖြစ်ပေါ်စေဖို့အတွက် အထူးကြပ်မတ်ဆောင်ရွက်နေ ပါတယ်” ဟု ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စာမေးပွဲစည်းကမ်းဖောက်ဖျက်ခြင်းနှင့် စာမေးပွဲ၌ မသမာမှုများကျူးလွန်ပါက စာမေးပွဲဖြေဆိုခွင့် နှစ်နှစ်၊ သုံးနှစ်နှင့် နှစ်အကန့်အသတ်မရှိ ပိတ်ပင်ခံရမည်ဖြစ်ပြီး မသမာမှုများ ကျူးလွန်နိုင်ခြင်း မရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား နိုင်ငံခြားစာစစ်ဌာန ၂၁ ခု အပါအဝင် တစ်နိုင်ငံလုံး၌ စာစစ်ဌာနပေါင်း ၁၇၄၂ ခု ဖွင့်လှစ်စစ်ဆေးမည်ဖြစ်ပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေကြရသော ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရေးအတွက် ဆေးရုံစာစစ်ဌာနများ ထားရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်ဆေးရုံကြီး၊ ဗဟိုအမျိုးသမီး ဆေးရုံ၊ မြောက်ဥက္ကလာအထွေထွေရောဂါကု ဆေးရုံနှင့် မြောက်ဥက္ကလာဝေဘာဂီဆေးရုံ စသည့် ဆေးရုံစာစစ်ဌာန လေးခု ထားရှိ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၇ ရက်၌ မြန်မာစာ၊ မတ် ၈ ရက်၌ အင်္ဂလိပ်စာ၊ မတ် ၉ ရက်၌ သချာၤ၊ မတ် ၁၂ ရက်၌ ဓာတုဗေဒ/စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၃ ရက်၌ ရူပဗေဒ၊ မတ် ၁၄ ရက်၌ ဇီဝဗေဒ/ ဘောဂဗေဒ၊ မတ် ၁၅ ရက်၌ ပထဝီဝင်၊ မတ် ၁၆ ရက်၌ သမိုင်း စသည့်ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုရမည် ဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် စာမေး ပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ထုတ်ယူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အခက်အခဲမရှိ ဆောင်ရွက်နိုင်စေရန် စီစဉ် ပေးထားကြောင်း သိရသည်။

Most Read

Most Recent