ဗဟိုဘဏ်အနေဖြင့် နှစ်လအတွင်း နိုင်ငံခြား ငွေကြေး လေလံမှ တစ်ဆင့် ဒေါ်လာ သန်း ၁၁၀ ကျော် ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများသို့ ထုတ်ရောင်းမှု ရှိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်မှုအရ သိရသည်။
မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြီးခဲ့သည့် သြဂုတ် ၁၂ ရက်တွင် ဘဏ်များနှင့် ငွေကြေး အဖွဲ့အစည်းများသို့ နိုင်ငံခြား ငွေကြေး လေလံ ရောင်းချမှုကို စတင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာ ၉ ရက်အထိ ဒေါ်လာသန်း ၁၁၀ ကျော် ထုတ်ရောင်း ထားခြင်းလည်း ဖြစ်သည်။ ယင်းကာလအတွင်း ဘဏ်များနှင့် ငွေကြေး အဖွဲ့အစည်းများက ဗဟိုဘဏ်သို့ ပြန်လည် ရောင်းချမှုမှာ ၁၅ သန်း ဝန်းကျင်သာ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးနှုန်း ထိခိုက် ခံစားနိုင်ခြေ ရှိသည့် ကုန်စည်များ ဖြစ်သည့် စက်သုံးဆီနှင့် သွင်းကုန် အချို့အတွက် ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဈေးနှုန်း မြင့်တက်မှုကို ကာကွယ်ရန် ရောင်းချပေးခြင်း များလည်း ရှိကြောင်း သိရသည်။ ယခုထုတ်ပြန်သည့် ရောင်းချမှု ငွေကြေး ပမာဏမှာ ယင်းကဲ့သို့ ဈေးကွက်အတွင်းသို့ ဗဟိုဘဏ် အနေဖြင့် တိုက်ရိုက် ရောင်းချခြင်း မပါဝင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဈေးကွက်မှ သတ်မှတ် ပြဋ္ဌာန်းသည့် နိုင်ငံခြား ငွေလဲနှုန်းကို သိရှိနိုင်ရန် ၂၀၁၂ ခုနှစ်တွင် စီမံခန့်ခွဲမှု ရှိသော ငွေလဲနှုန်းရှင် စတင် စဉ်တည်းက ဘဏ်များနှင့် ငွေကြေး အဖွဲ့အစည်းများအကြား နိုင်ငံခြားငွေကြေး လေလံစနစ်ကို စတင်နေခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ သာမန် စာရင်းရှင် လိုငွေမှာ ပိုမို များပြားလာနေပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် GDP ၏ ၅ ဒသမ ၅ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာကြောင်း၊ ကုန်သွယ်မှု လိုငွေအနေဖြင့် ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ Myanmar Economic Monitor အစီရင်ခံစာအရ သိရသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ မြန်မာနိုင်ငံသို့ ၂၀၁၅ခုနှစ် Article IV Consultation ခရီးစဉ်အပြီး ဇူလိုင် ၁ ရက် သတင်း ထုတ်ပြန်ချက်အရ လည်းကောင်း၊ စက်တင်ဘာ ၁၈ ရက်က Article IV ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် လည်းကောင်း နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာ သွင်းကုန်ပမာဏ သုံးလစာအောက် လျော့နည်း လာကြောင်း၊ ပြီးခဲ့သည့် နှစ်က စာရင်းရှင် ငွေစာရင်းတွင် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းထက် ပိုမိုသည့် လိုငွေ ပြခဲ့ကြောင်း၊ လိုငွေပြမှု အဓိက အကြောင်းအရင်းမှာ ကုန်သွယ်မှု လိုငွေကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကျိုးဆက် အနေဖြင့် နိုင်ငံခြား အရန်ငွေကြေးပမာဏ မှာ နည်းပါး လာခဲ့ကြောင်း၊ နိုင်ငံတကာ ငွေကြေး အဖွဲ့အနေဖြင့် သွင်းကုန်၏ ငါးလစာမှ ခြောက်လစာအထိ စုဆောင်း နိုင်လိမ့်မည်ဟု မျှော်လင့် ထားခဲ့ကြောင်း ဖော်ပြသည်။
ဒေါ်လာဈေး အားကောင်းနေခြင်းနှင့် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာခြင်း၊ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းလာခြင်း အပါအဝင် အချို့သော စီးပွားရေး တိုးတက်မှုကို ဟန့်တားသည့် အကြောင်းအရင်းများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်းလည်း ဇူလိုင်ခရီးစဉ် အပြီးတွင် ထုတ်ပြန်ခဲ့ပြီး သဘာ၀ ဓာတ်ငွေ့ ဈေးနှုန်း ကျဆင်းခြင်းသည် ပို့ကုန် ဝင်ငွေရရှိမှုနှင့် အစိုးရ၏ အခွန်ဘဏ္ဍာကို လျော့နည်း စေနိုင်ကြောင်း အပါအဝင် တရုတ်နိုင်ငံ၏ စီးပွားရေး ကြီးထွားမှု လျော့ကျခြင်းသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကို သက်ရောက်နိုင်ကြောင်း စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်သည့် IMF ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။















