ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း မြေငှားစာချုပ်ချုပ်ဆိုရေး လာမည့်ဧပြီလကုန် အပြီးသတ် ဆွေးနွေးမည်ဖြစ်ပြီး မြေငှားစာချုပ် အပြီးသတ် အတည်ပြုပြီးပါက ကနဦးပင်မစီမံကိန်း စတင်အကောင်အထည်ဖော်မည်

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း မြေငှားစာချုပ်ချုပ်ဆိုရေး လာမည့်ဧပြီလကုန် အပြီးသတ် ဆွေးနွေးမည်ဖြစ်ပြီး မြေငှားစာချုပ် အပြီးသတ် အတည်ပြုပြီးပါက ကနဦးပင်မစီမံကိန်း စတင်အကောင်အထည်ဖော်မည်
Published 3 February 2018

ထားဝယ်အထူးစီးပွားရေးဇုန်ဝန်းကျင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းမြေငှား စာချုပ်ချုပ်ဆိုရေးနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဆွေးနွေးပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်တွင် အပြီးသတ် ဆွေးနွေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မြေငှားစာချုပ် အပြီးသတ် အတည်ပြုခြင်းပြီးမြောက်ပါက ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးပင်မစီမံကိန်း စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ သို့သော် မြေငှားစာချုပ်ချုပ်ဆိုခြင်းမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူ ဆောင်ရွက်ရမည့်ကိစ္စဖြစ်သည့်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သေချာစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်း၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သော ထိုင်းနိုင်ငံနယ်စပ်မှ ထားဝယ် အထူးစီးပွားရေးဇုန်သို့ နှစ်လမ်းသွား ကားလမ်းဖောက်လုပ်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရက သက်သာသောချေးငွေဖြင့် တည်ဆောက်ရန် ကမ်းလှမ်းထားခဲ့သဖြင့် အဆိုပါ ချေးငွေရယူတည်ဆောက်နိုင်ရေး ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လမ်းအူကြောင်း ပြန်လည်စိစစ်တိုင်းတာခြင်းအား မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Department of Highways (DOH) တို့က ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းတည်ဆောက်မှုသည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် များစွာအထောက်အကူပြုမည့် စီမံကိန်းဖြစ်သည့်အပြင် ဒေသခံများ အတွက်လည်း များစွာအကျိုးဖြစ်ထွန်းမည့် စီမံကိန်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ-ထိုင်း-ဂျပန်တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ရေးအတွက် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံမှ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် Special Purpose Vehicle (SPV) တွင် ပါဝင်ဆောင်ရွက်ရန်၊ ပင်မစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် Master Plan အား အသေးစိတ်ရေးဆွဲရန်၊ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်သို့ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေးအတွက် Feasibility Study ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာကိစ္စများအား ထည့်သွင်းစဉ်းစား၍ ပူးပေါင်းဆောင်ရွက်ရန် အချက်များပါဝင်သော Memorandum of Intent (MOI) ကို လက်မှတ်ရေးထိုးခဲ့သည်။

Most Read

Most Recent