YBS ယာဉ်လိုင်းများအနေဖြင့် YRTA ခွင့်ပြုချက်မရှိဘဲ City Bus ယာဉ်များတင်သွင်းပြီး ပြေးဆွဲနေပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်

YBS ယာဉ်လိုင်းများအနေဖြင့် YRTA ခွင့်ပြုချက်မရှိဘဲ City Bus ယာဉ်များတင်သွင်းပြီး ပြေးဆွဲနေပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်
Published 18 January 2018

YRTA ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များကို ရန်ကုန်မြို့လယ်တစ်နေရာတွင် တွေ့ရစဉ်

YBS ယာဉ်လိုင်းများအနေဖြင့် YRTA ခွင့်ပြုချက်မရှိဘဲ City Bus ယာဉ်များတင်သွင်းပြီး ယာဉ်များပြေးဆွဲနေပါက အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုမိုကောင်းမွန်သော ခရီးသည်ပို့ဆောင်ရေးစနစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ စနစ်တကျ အဆင့်ဆင့်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားပြည်သူများ သွားလာရေးတွင် လုံခြုံချောမွေ့စေရန် YBS ယာဉ်များ စက်စွမ်းအားကြံ့ခိုင်မှု၊ မြို့တော်အင်္ဂါရပ်နှင့်အညီ ဥပဓိရုပ်ကောင်းမွန်သော YBS ခရီးသည်ယာဉ်များဖြင့် စီမံထားရှိကြောင်း သိရသည်။

ထို့ကြောင့် YBS ကုမ္ပဏီများ၊ YBS ယာဉ်လိုင်းများအနေဖြင့် YRTA ၏ခွင့်ပြုချက်မရှိဘဲ ပြည်ပယာဉ်တင်သွင်းသည့်ကုမ္ပဏီများထံမှ ခရီးသည်တင် City Bus ယာဉ်များမှာယူတင်သွင်းပြီး YBS ယာဉ်ပြေးဆွဲခြင်းလုပ်ငန်းများတွင် ဝင်ရောက်ပြေးဆွဲနေကြောင်း စစ်ဆေးတွေ့ရှိပါက YBS ယာဉ်ပြေးဆွဲခြင်းလုပ်ငန်းမှ ရပ်စဲသည်အထိ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

YBS စနစ် အကောင်အထည်ဖော်ရာတွင် နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စည်ကမ်းလိုက်နာမှုဆိုင်ရာ စိန်ခေါ်မှုများကြုံတွေ့ရကြောင်း YBS အမှုဆောင်အရာရှိချုပ် စောဘိုဘို၏ ဇန်နဝါရီ ၁၆ ရက်က Sky Star ဟိုတယ်တွင်ပြုလုပ်သည့် YRTA နှင့် YBS တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ရှင်းလင်းခဲ့သည့် Power Point Slide Show တွင်ဖော်ပြထားသည်။

အမှုဆောင်အရာရှိချုပ် စောဘိုဘို၏ Power Point Slide Show အကျဉ်းချုပ်တင်ပြချက်တွင် အောင်မြင်မှုများအနေဖြင့် ယာဉ်တိုက်မှုများလျော့နည်းလာခြင်း၊ ခေတ်မီယာဉ်သစ်ကြီးများဖြင့် ခရီးသွားပြည်သူများကို ဈေးနှုန်းချိုသာစွာ ဝန်ဆောင်မှုပေးနိုင်ခြင်း၊ ခရီးသွားပြည်သူများ၏ လိုအပ်ချက်အတွက် ဘတ်စ်ကားများ တိုးချဲ့ပြေးဆွဲခြင်း၊ ယာဉ်များအား အလုံးစုံအာမခံထားရှိစေခြင်းဖြင့် ယာဉ်ပိုင်ရှင်နှင့် ခရီးသွားပြည်သူများအား ကာကွယ်မှုပေးနိုင်ခြင်းတို့ကို ဖော်ပြထားသည်။

သင်ခန်းစာများအနေဖြင့် ယခုထက်ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများကို ခေတ်မီနည်းပညာများအသုံးပြု၍ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပိုမိုထိရောက်သော စည်းမျဉ်း၊ စည်းကမ်းများ၊ ပြစ်ဒဏ်များ ပြင်ဆင်သတ်မှတ်နိုင်ရေးတို့ကို YBS အမှုဆောင်အရာရှိချုပ်က Power Point Slide Show အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

YBS နှင့်ပတ်သက်ပြီး လုပ်ဆောင်မှုများတွင် Bus Operator များ၏ ငွေစာရင်းတာဝန်ခံများနှင့် အပတ်စဉ်တွေ့ဆုံပြီး ယာဉ်လိုင်းတစ်ခုချင်းစီ၏ ငွေကြေးစီမံခန့်ခွဲမှုပုံစံ မှတ်တမ်းယူခြင်း၊ ယာဉ်လိုင်းများ၏ ရသုံးမှန်းခြေငွေစာရင်းများ မှတ်တမ်းယူခြင်း၊ ငွေကြေးစီမံခန့်ခွဲမှုပုံစံများကို လမ်းညွှန်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ယာဉ်လိုင်းများတွင် စာရင်း၊ ဘဏ္ဍာဌာနများ ဖွဲ့စည်းလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent