မြန်မာနိုင်ငံသို့ ငါးဖမ်းလှေနှင့်အတူ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးကို သိန်း ၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးဝါးများနှင့်အတူ နတ်မြစ်အတွင်း ဖမ်းဆီးရမိ

မြန်မာနိုင်ငံသို့ ငါးဖမ်းလှေနှင့်အတူ ဝင်ရောက်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးကို သိန်း ၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးဝါးများနှင့်အတူ နတ်မြစ်အတွင်း ဖမ်းဆီးရမိ
Published 17 January 2018

ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ  ၁၂ နာရီ ၁၅ မိနစ် မောင်တောမြို့နယ် အမှတ် (၁) ဝင်၊ ထွက် စခန်း (POE) တံတားတွင် အခြေပြုနေသည့် ဓညဝတီ ရေတပ်စခန်း ဌာနချုပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တိုက်ကင်းလှည့် တာဝန်ထမ်းဆောင်နေစဉ် ကညင်ချောင်းနှင့် ပြင်ဖြူချောင်းကြား ရေယာဉ်မှ ကိုက် ၃၀၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လှော်ခတ်နေသော မသင်္ကာဖွယ် လှေတစ်စင်းကို တွေ့ရှိ၍ ခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ လှော်ခတ်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦးနှင့်အတူ လက်ခတ်လှေ တစ်စင်းအား ငါးဖမ်းပိုက်တစ်ဖုံ၊ ပလတ်စတစ်ဖြင့် ထုပ်ထားသော စိတ်ကြွဆေးပြားဟု ယူဆရသည့် အထုပ်တစ်ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အထုပ်အား ဖွင့်ဖောက်စစ်ဆေးရာ WY နှင့် R ရောရာစာတမ်းပါ စိတ်ကြွဆေးပြားဆေး အကြေမှုန့် ဂရမ် ၅၆၀၊ ကာလတန်ဖိုး တစ်ဂရမ်လျှင် ကာလတန်ဖိုး ကျပ်၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၁၂၀၀၀၀၀ နှင့် စိတ်ကြွဆေးပြား ၅၇၀၀၊ တစ်ပြားလျှင် ကာလတန်ဖိုး ကျပ် ၂၀၀၀ နှုန်းဖြင့် ကာလတန်ဖိုးကျပ် ၁၁၄၀၀၀၀၀ ကို တရားခံ သုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့၊ နတ်တောင်ရွာတွင် နေထိုင်သူများ ဖြစ်ကြသော အမ်ဖန် (ဘ) ရှောင်ရှူးအာလောင် (၂၂ နှစ်)၊ ဇော်ဟီးရာမောက် (ဘ) မာမွတ်ဆလမ် (၃၁ နှစ် )၊ အီလီယာစ် (ဘ) နိုရူဆောင်း (၁၉ နှစ်) တို့ဖြစ်ကြောင်းနှင့် ဖမ်းဆီးတရားခံများအား စစ်မေးချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်တောင်ရွာတွင် နေထိုင်ကြသူများဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် နံနက် ၇ နာရီခန့်တွင် ရွာမှ ငါးဖမ်းရန် ထွက်လာစဉ် နတ်တောင်ရွာ အပေါ်ဘက်ခြမ်းတွင် နေထိုင်သည့် မောင်ဇူဆိုသူ ၎င်းတို့အား မြန်မာနိုင်ငံ၊ ပေါင်းဇားကျေးရွာတွင် နေထိုင်သည့် အာလောင်ဆိုသူထံမှ ပစ္စည်းတစ်ခု သွားယူပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံငွေကြေး တာကာတစ်သောင်းပေးမည်ဟု ခိုင်းစေသဖြင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း ငါးဖမ်းပိုက်ချပြီး ပြင်ဖြူချောင်းဝအနီးသို့ သွားရောက်ကာ အမည်မသိ လူနှစ်ဦးထံမှ ပစ္စည်းယူပြီး ပြန်လည်ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

Most Read

Most Recent