တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာဥပဒေ အတည်ပြုနိုင်ရေးအတွက် အဆိုပြု ဥပဒေမူကြမ်း ရေးဆွဲထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လုပ်ငန်းအသင်းအဖွဲ့များနှင့် ဆွေးနွေးကာ ဥပဒေ ပေါ်ပေါက်ရေး ဆောင်ရွက်မည်

တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာဥပဒေ အတည်ပြုနိုင်ရေးအတွက် အဆိုပြု ဥပဒေမူကြမ်း ရေးဆွဲထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လုပ်ငန်းအသင်းအဖွဲ့များနှင့် ဆွေးနွေးကာ ဥပဒေ ပေါ်ပေါက်ရေး ဆောင်ရွက်မည်
Published 27 December 2017

တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေ (အဆိုပြုဥပဒေမှုကြမ်း) ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)

တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာဥပဒေ အတည်ပြုနိုင်ရေးအတွက် လက်ရှိအချိန်တွင် အဆိုပြု ဥပဒေမူကြမ်း ရေးဆွဲထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လုပ်ငန်းအသင်းအဖွဲ့များ ဆွေးနွေးကာ အတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတွင် တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေ (အဆိုပြု ဥပဒေမှုကြမ်း) ဆွေးနွေးပွဲမှ သိရသည်။

“ပြည်သူတွေအတွက် ခိုင်မာတဲ့ ပိုင်ဆိုင်မှုတွေ ရရှိနိုင်ဖို့ အတွက်ပေါ့။ ရည်မှန်းပြီးတော့မှ ဒီဥပဒေကို နိုင်ငံတော်အတွက် ပြည်သူအတွက် လိုအပ်တယ်ဆိုပြီးတော့မှ စတင်ပြီးတော့ ဆွေးနွေးဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားခဲ့သည်။

တိုက်ခန်းဝယ်ယူသူများကို ပိုင်ဆိုင်မှု အာမခံချက် အပြည့်အ၀ ပေးနိုင်မည့် တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေထွက်ပေါ်လာရေးအတွက်  မြန်မာနိုင်ငံ လိုင်စင်ရ ကန်ရိုက်တာများအသင်း (MLCA) မှ ဦးဆောင်ကာ တိုက်ခန်း၊ အိမ်ရာ အဆောက်အအုံဆိုင်ရာ ဥပဒေ (အဆိုပြုဥပဒေမှုကြမ်း) ကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေ ပေါ်ထွက်လာပါက တိုက်ခန်းဝယ်ယူသူများ အနေဖြင့် မိမိပိုင်ဆိုင်ထားသော တိုက်ခန်းအပေါ် အာမခံချက် Certificate ရရှိပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ တရားဝင်ချေးငွေ ထုတ်ချေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဒေသအသီးသီးတွင် မြို့ပြဆိုင်ရာနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးရေး စီမံကိန်းများကို အထောက်အကူပြုစေရန်၊ မြို့ပြဆိုင်ရာ အဆောက်အအုံစနစ်တွင် မြေပိုင်ဆိုင်မှု၊ အိမ်ခန်းပိုင်ဆိုင်မှုများနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ လျော့နည်းပပျောက်စေရန်၊ ဤဥပဒေနှင့်အညီ တိုက်ခန်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိသူများ၊ အိမ်ခန်းပိုင်ဆိုင်သူများနှင့် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ တိုက်ခန်းအိမ်ရာ တန်ဖိုးများ မျှတညီညွတ် တည်ငြိမ်စေရေး ထိန်းသိမ်းရန်နှင့် ရသင့်ရထိုက်သော နိုင်ငံတော်၏ အခွန်ဘဏ္ဍာ အပြည့်အ၀ ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါ ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေထွက်ရှိပြီးပါက စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါကော်မတီကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည် ဖြစ်ကြောင်း ဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent