လန်ဒန်တွင် Star Wars ဇာတ်ကားသစ် မိတ်ဆက်ပွဲသို့ ဝီလျံမင်းသားနှင့် ဟာရီတို့ တက်ရောက်

လန်ဒန်တွင် Star Wars ဇာတ်ကားသစ် မိတ်ဆက်ပွဲသို့ ဝီလျံမင်းသားနှင့် ဟာရီတို့ တက်ရောက်
Published 14 December 2017

လန်ဒန်၌ ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် Star Wars: The Last Jedi ဇာတ်ကား ဥရောပ မိတ်ဆက်ပြသပွဲကို ဝီလျံမင်းသားနှင့် ဟာရီ မင်းသားတို့ တက်ရောက်ခဲ့သည်။

Royal Albert Hall တွင် ပြုလုပ်သည့် ကော်ဇောနီ အခမ်းအနားသို့ တက်ရောက်သည့် ဗြိတိန်တော်ဝင်မိသားစုဝင်နှစ်ဦးကို Star Wars: The Last Jedi တွင် ပါဝင်သည့် BB-8 စက်ရုပ်ဇာတ်ကောင်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ တော်ဝင်မိသားစုဝင်နှစ်ဦးသည် The Last Jedi ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင်များနှင့်လည်း စကားပြောဆိုခဲ့သည်ဟု People မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဝီလျံမင်းသားနှင့် ဟာရီမင်းသားသည် ၂၀၁၆ ခုနှစ် ဧပြီတွင် Star Wars ဇာတ်ကား ရိုက်ကူးသည့် စတူဒီယိုသို့ သွားရောက်ခဲ့ပြီးနောက် ယင်းဇာတ်ကားတွင် stormtrooper များအဖြစ် ဧည့်သည့်ဇာတ်ကောင်နေရာ၌ ပါဝင် သရုပ်ဆောင်ခဲ့သည်ဟု သတင်းများ ထွက်ရှိခဲ့သည်။ ဝီလျံက ၎င်းသည် Star Wars ဇာတ်ကားများကို စွဲလမ်းသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းနှင့် ဟာရီသည် Luke Skywalker ဇာတ်ကောင်နှင့် ဓာတ်ပုံရိုက်ခဲ့စဉ် ၎င်းတို့၏ ပျော်ရွှင် ဝမ်းမြောက်မှုကို မဖုံးကွယ်နိုင်ခဲ့ကြောင်း စတူဒီယိုသို့ သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။

လန်ဒန်အနီးရှိ Pinewood စတူဒီယိုနှင့် အိုင်ယာလန် အနောက်ဘက်ပင်လယ် ကမ်းခြေတွင် ရိုက်ကူးခဲ့သည့် The Last Jedi သည် အာကာသစိတ်ကူးယဉ်သိပ္ပံ Star Wars ဇာတ်ကား၏ အဋ္ဌမမြောက်ဇာတ်ကားဖြစ်ပြီး ပြသချိန် ၁၅၃ မိနစ် ကြာမြင့်သည်ဟု သိရသည်။

Star Wars ဇာတ်ကားများတွင် Luke Skywalker ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် သရုပ်ဆောင် မက်ဟာမေးလ်က Star Wars ၏ သက်တမ်းရှည်ခြင်းက ၎င်း၏ဇာတ်ကောင်အတွက် ဇာတ်ကောင်သစ်များကို လမ်းဖွင့်ပေးသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ပထမဆုံး Star Wars ဇာတ်ကားဖြန့်ချိခဲ့ပြီးနောက် နှစ် ၄၀ ကြာမြင့်ပြီဖြစ်သော်လည်း ဒါရိုက်တာ ရိန်းဂျွန်ဆင်ရိုက်ကူးသည့် The Last Jedi သည် မျက်မှောက်ခေတ်တွင်လည်း ပရိသတ်များကို ဆွဲဆောင်နိုင်ဦးမည် ဖြစ်သည်။

မာဟာမေး၊ကယ်ရီဖစ်ရှာ၊ အဒမ်ဒရိုင်ဘာ၊ ဒေစီရစ်ဒလေ၊ ဂျွန်ဘိုရေဂါ၊ အန်ဒီဆာကစ်၊လူပီတာညောင်အို၊ ဒွမ်ဟဲဂလီဆန်၊ အန်တိုနီဒယ်နီရယ်၊ အော်စကာအိုင်ဇက်၊ ကယ်ရီမာရီထရန်၊ လော်ရာဒါးနှင့် ဘင်နီစီယိုဒယ်တိုရိုတို့ ပါဝင်သည့် Star Wars: The Last Jedi ဇာတ်ကားကို ဒီဇင်ဘာ ၁၅ ရက်တွင် အမေရိကန်၌ ဖြန့်ချိမည်ဖြစ်သည်။

ယင်းဇာတ်ကားသည် ပွဲဦးထွက်ဖြန့်ချိသည့် သီတင်းပတ်တွင် ပြည်တွင်းလက်မှတ် ရောင်းချမှုဝင်ငွေ ဒေါ်လာ သန်း ၂၂၀ ခန့် ရရှိနိုင်သည်ဟု ရုပ်ရှင်ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းခဲ့သည်။

Most Read

Most Recent