တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် လူစုလူဝေးဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဒ်မ - ၅၀၅(ခ)ဖြင့် တရားစွဲခံရသည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်အား အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်

တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် လူစုလူဝေးဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ပုဒ်မ - ၅၀၅(ခ)ဖြင့် တရားစွဲခံရသည့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်အား အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်
Published 30 August 2019
အောင်မျိုးသန့်

တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် လူစုလူဝေး ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ - ၅၀၅(ခ)ဖြင့် တရားစွဲခံရသည့် မိုက်ကယ်ကျော်မြင့်နှင့် ကိုသီဟမျိုးနိုင်ကို တောင်ဒဂုံမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ခဲ့သည်။

မေ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် လူစုလူဝေးကိစ္စဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်များကို ပြစ်ဒဏ်မှ ထုတ်နုတ်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

 

“မေ ၁၆ ရက်မှာ စတင်တရားစွဲတယ်။ တရားလိုအပါအဝင် တရားလိုပြသက်သေခြောက်ဦးကို စစ်ဆေးခဲ့တယ်။ သြဂုတ် ၂၃ ရက်မှာ စွဲချက်တင်ပြီးတော့ ဒီနေ့မှာ အမိန့်ချတယ်” ဟု တောင်ဒဂုံမြို့နယ်တရားရုံးမှ ပြန်ကြားရေးအရာရှိက ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများဘက်မှ ၄င်းတို့၏ဆန္ဒအရ မည်သည့်သက်သေမျှ တင်သွင်းခဲ့ခြင်းမရှိသကဲ့သို့ လျှောက်လဲချက်လည်း ပေးခဲ့ခြင်းမရှိကြောင်း၊ ယင်းကြောင့် သြဂုတ် ၃၀ ရက်တွင် အပြီးသတ်အမိန့်ချခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့်ပတ်သက်ပြီး အထက်တရားရုံးများသို့ ဆက်တက်ခြင်းပြုမည်မဟုတ်ကြောင်း၊ ပြစ်မှုအား ကျူးလွန်ခြင်းမရှိကြောင်း မိုက်ကယ်ကျော်မြင့်၏ဇနီး ဒေါ်အေးအေးသင်းက ပြောကြားသည်။

“အမန့်ချတဲ့အပေါ်မှာ ဘာမှမပြောလိုဘူး။ ဘာမှလည်း ကျူးလွန်ခဲ့တာမရှိဘူး။ တရားမျှတမှုမရှိတာကြောင့် ဘာမှလည်း ဆက်မလုပ်ဘူး” ဟု ဒေါ်အေးအေးသင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ မေ၁၅ရက် ညပိုင်းကတောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သဖြင့် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့နှစ်ဦးကို မေ ၁၆ ရက်က တောင်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးလှမြင့်က တရားလိုပြုလုပ်ကာ မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။ အမှုဖွင့်ပြီးနောက်တွင် သီဟမျိုးနိုင်မှာ မေ ၂၄ ရက်တွင် အမှုလာရောက်ရင်ဆိုင်ခဲ့ပြီး မိုက်ကယ်ကျော်မြင့်အား ဇွန် ၁၀ ရက်တွင် ဝမ်းတွင်းမြို့တွင် ဖမ်းဆီးရမိခဲ့သည်။

 

 

Most Read

Most Recent