ကုလသမဂ္ဂက မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များအတွက် ရန်ပုံငွေစုဆောင်းရန် အဓိကညီလာခံတစ်ရပ်ကို စတင်ကျင်းပ

ကုလသမဂ္ဂက မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များအတွက် ရန်ပုံငွေစုဆောင်းရန် အဓိကညီလာခံတစ်ရပ်ကို စတင်ကျင်းပ
Published 24 October 2017

အောက်တိုဘာ ၂၃ ရက်က ဂျီနီဗာရှိ ကုလသမဂ္ဂရုံးတွင် ဘင်္ဂါလီမွတ်စလင်များအား ကူညီရန် ဆွေးနွေးနေကြစဉ် (Photo: AFP)

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလားသည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များကို စောင့်ရှောက်ရန် လိုအပ်သည်ဟု အကူအညီပေးရေးအဖွဲ့များက ပြောကြားသော အမေရိကန်ဒေါ်လာ ၄၃၄ သန်းအနက် အချို့ကိုရရှိစေရန် ရည်ရွယ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် ကုလသမဂ္ဂက ရန်ပုံငွေရှာဖွေရေး အဓိကညီလာခံတစ်ရပ်ကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော်သည် သြဂုတ်လမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာခြင်းဖြစ်သည်။

နောက်ဆုံးအကြမ်းဖက်မှုများ မတိုင်မီက ထွက်ပြေးလာသူများနှင့် ပေါင်းလိုက်ပါက ဘင်္ဂလားဒေ့ရှ်တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်ပေါင်း ၉၀၀,၀၀၀ ရှိသည်ဟု ခန့်မှန်းထားသည်။

ဂျနီဗာမြို့တွင်ပြုလုပ်သော ကတိကဝတ်ပြုသည့် ညီလာခံကို ဥရောပသမဂ္ဂနှင့် ကူဝိတ်နိုင်ငံတို့က ကြီးမှူးကျင်းပပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီသို့အရောက်တွင် အမေရိကန်ဒေါ်လာ ၄၃၄ သန်း (ယူရို သန်း ၃၇၀) စုဆောင်းရန် အားထုတ်မှု တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။

ညီလာခံမစတင်မီက ထည့်ဝင်ပြီး သို့မဟုတ် ထည့်ဝင်မည်ဟု ကတိပေးထားပြီး ရန်ပုံငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး ဥရောပသမဂ္ဂက အောက်တိုဘာ ၂၃ ရက်တွင် သန်း ၃၀ ထပ်မံထည့်ဝင်မည်ဟု ကတိပြုခဲ့သည်။

“ကျွန်မတို့ဒီနေရာမှာ ဒီကနေ့ ဘာလို့ရှိနေရလဲဆိုတော့ ဝမ်းနည်းဖို့ကောင်းစွာပဲ၊ လိုအပ်မှုတွေက ကျွန်မတို့လက်ရှိရင်းမြစ်အရ ထောက်ပံ့နိုင်တာထက်တောင် ပိုပြီးများနေလို့ပါပဲ” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဒုတိယအကြီးအကဲ အဲလိဇဘတ်ရက်စ်မူဆန်က ညီလာခံ၌ ပြောကြားခဲ့သည်။

“ကျွန်မတို့ ကူညီဖို့ကြိုးစားနေတဲ့ လူတွေရဲ့ကိုယ်စား ကျွန်မအနေနဲ့ ရှင်တို့ကို ထပ်ပြီးထည့်ကြဖို့ တောင်းဆိုရပါမယ်” ဟုလည်း ရက်စ်မူဆန်က ပြောကြားခဲ့သည်။

ယင်းရန်ပုံငွေများသည် ဒုက္ခသည် ၉၀၀,၀၀၀ အတွက်သာမက မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ကော့စ်ဘဇားဒေသမှ ဒေသခံ ၃၀၀,၀၀၀ ခန့်တို့၏ အကျိုးအတွက်လည်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဒေသခံ အသိုင်းအဝိုင်းနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် နယ်စပ်ကို ဖွင့်ပေးထားခြင်းအပါအဝင် ဒုက္ခသည်များ ဝင်ရောက်မှုအပေါ် တုံ့ပြန်ခဲ့ပုံနှင့်ပတ်သက်၍ အကြီးအကျယ် ချီးမွမ်းခံထားရသည်။