ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် မောင်တောဒေသတွင် နိုင်ငံသားစိစစ်ခံမည့်သူ၏ သက်သေခံကတ်ပြား NVC (National Verification Card) ထုတ်ပေးမှု ကွင်းဆင်းဆောင်ရွက်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မင်းဦးစီး၍ လဝက၀န်ထမ်း ၅၀ ကျော်ဖြင့် မောင်တောမြို့နှင့် တစ်မိုင်အကွာရှိ ရွှေဇားကျေးရွာသုံးခုမှ ဘင်္ဂါလီများကို အောက်တိုဘာ ၁၂ ရက်မှစ၍ ကွင်းဆင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ရွှေဇားကျေးရွာအုပ်စု ရွာသုံးရွာတွင် အိမ်ထောင်စု ၄၅၀ ခန့်မှ လူဦးရေ ၃၅၀၀ ကျော်အား NVC ကတ်များထုတ်ပေးနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ NVC လာရောက်ပြုလုပ်သူ ၁၀၀ ခန့်ရှိပြီး ရွှေဇားမြောက်ရွာ၊ ရွှေဇားအနောက်ရွာနှင့် ရွှေဇားအလယ်ရွာတို့တွင် ကွင်းဆင်း၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း သက်သေခံကတ်ပြားတစ်ခုခု ကိုင်ဆောင်ရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အတွက် NVC ကတ်သည် ပထမဦးဆုံးအဆင့်ဖြစ်သည့်အတွက် NVC ကတ်ပြားထုတ်ယူ ကိုင်ဆောင်ပြီးမှသာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတွက် နိုင်ငံသားစိစစ်ခံရန်အတွက် NVC ကတ်ကိုင်ဆောင်ရန် လိုအပ်ကြောင်း၊ NVC ကတ်ကိုင်ဆောင်ခြင်းကြောင့် တစ်ဖက်နိုင်ငံသားဟု သတ်မှတ်သည်ဆိုသည်မှာ မဟုတ်ကြောင်း၊ NVC ကတ်သည် နိုင်ငံသားစိစစ်ရေးလုပ်ငန်းအတွက် ပထမကိုင်ဆောင်ရသည့် ကတ်သာဖြစ်ကြောင်း၊ ထို့ပြင် NVC ကတ်ထုတ်ပေးခြင်းသည် နိုင်ငံတော်၏ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး တစ်ဖက်နိုင်ငံမှ ခိုးဝင်သူများနှင့် မြန်မာနိုင်ငံတွင် နေထိုင်သူများအား ခွဲခြားနိုင်ရန် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် NVC လာလုပ်သူများအား Biometric System ဖြင့် လက်ဗွေ၊ မျက်လုံးတို့ကို မှတ်တမ်းတင်ထားကြောင်းလည်း ကွင်းဆင်းအဖွဲ့မှ လဝကအရာရှိတစ်ဦးက ပြောကြားသည်။ မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာတွင် NVC ကတ်များ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်မှုကို ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်၌ နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား NVC ကတ်များ ထုတ်ပေးနိုင်ရေးအတွက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်သွားမည့် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်အမိန့်ဖြင့် ဖေဖော်ဝါရီ ၈ ရက်တွင်ဖွဲ့စည်းပြီး အဆိုပါအဖွဲ့တွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ အပါအဝင် နိုင်ငံခြားရေးနှင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် မေ ၃၁ ရက်က သက်တမ်းကုန်ဆုံးသွားသည့် ယခင်က ဝှိုက်ကတ်ခေါ် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံထားသူ လေးသိန်းနီးပါးရှိပြီး နောက်ပိုင်း NVC ကတ်များထုတ်ပေးခဲ့ရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီအထိ ၆၀၀၀ ကျော်ကိုသာ NVC ကတ်ထုတ်ပေးထားရကြောင်း သိရသည်။