မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ၇၅ နှစ်အရွယ် အမေအိုနှင့် ၅၁ နှစ်အရွယ် သမီးဖြစ်သူတို့ကို ဓားဒဏ်ရာများစွာဖြင့် သေဆုံးလျက်တွေ့ရှိ

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ၇၅ နှစ်အရွယ် အမေအိုနှင့် ၅၁ နှစ်အရွယ် သမီးဖြစ်သူတို့ကို ဓားဒဏ်ရာများစွာဖြင့် သေဆုံးလျက်တွေ့ရှိ
Published 14 October 2017

အခင်းဖြစ်ပွားခဲ့သည့် နေအိမ်ရေချိုးခန်းနေရာအား အောက်တိုဘာ ၁၃ ရက် ညပိုင်းက တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်တွင် ၇၅ နှစ်အရွယ် အမေအိုနှင့် ၅၁ နှစ်အရွယ် သမီးဖြစ်သူတို့ ဓားဒဏ်ရာ အချက်ပေါင်းများစွာဖြင့် အောက်တိုဘာ ၁၃ ရက်က သေဆုံးလျက်တွေ့ရှိရကြောင်း သတင်းရရှိသည်။

သေဆုံးသူများမှာ အေးစေတီရပ်ကွက် နယ်မြေ (၄) ရှိ ကုန်စုံဆိုင်ပိုင်ရှင်များဖြစ်ကြပြီး မိခင်ဖြစ်သူ ဒေါ်ခင်မြင့် (၇၅ နှစ်) မှာ ရေချိုးခန်းပေါက်ဝတွင်လည်းကောင်း၊ သမီးဖြစ်သူ ဒေါ်ခင်စန်းရီ (၅၁ နှစ်) မှာ ရေချိုးခန်းအတွင်း၌လည်းကောင်း ဓားဒဏ်ရာအချက် ပေါင်းများစွာဖြင့် သေဆုံးနေကြောင်း အေးစေတီ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက “ဖြစ်တာက နေ့လယ်ပိုင်းလောက်ဖြစ်မယ်။ ကျွန်တော်တို့သိရတာက ညနေပိုင်း ၅ နာရီလောက်မှာ တွေ့ရတာ။ သမီးက ရေချိုးခန်းထဲ၊ မအေက ရေချိုးခန်းပေါက်ဝမှာ ဓားဒဏ်ရာအများကြီးနဲ့ သေနေတာ။ အခုဆေးရုံမှာ သယ်ပြီးစစ်နေတယ်။ အမေကြီးက ဓားဒဏ်ရာ ၁၂ ချက်လို့ ပြောတယ်။ သမီးဒဏ်ရာကို စစ်နေတုန်း။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းရဲ့ မိဘတွေဆိုပေမယ့် အတူနေကြတာ မဟုတ်ပါဘူး။ ရပ်ကွက်တစ်ခုလုံးကတော့ ထိတ်လန့်နေကြတယ်။ သက်ဆိုင်ရာက ဝိုင်းကြိုးစားကြပေမယ့် ဒုစရိုက်မှုတွေက မထင်မှတ်ဘဲ ဖြစ်လာကြတယ်” ဟု ပြောကြားသည်။

သက်ဆိုင်ရာ မြစ်ကြီးနား နယ်မြေရဲစခန်းသို့ မေးမြန်းရာ အမှုမှာ မှတ်တမ်းယူ စစ်ဆေးဆဲဖြစ်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ရဲစခန်းတွင် အမှုဖွင့်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက် ည ၇ နာရီခန့်က ပြောကြားသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးအနေဖြင့် ကချင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း လူသတ်မှု ၅၇ မှုရှိခဲ့ပြီး ယခင်နှစ်များထက် များခဲ့ကြောင်း EPN သတင်းဌာနသို့ ဖြေကြားထားသည်။

Most Read

Most Recent