ဝက်ဖို့ဒ်နည်းပြအဖြစ် မာကိုဆေးလ်ဗား ဆောင်ရွက်ခဲ့စဉ်က ၎င်းအားခေါ်ယူရန် ကြိုးစားခဲ့သည့် အဲဗာတန်အသင်း အမှတ်လျှော့ပြစ်ဒဏ် (သို့မဟုတ်) ဒဏ်ငွေချမှတ်ခံရဖွယ်ရှိ

ဝက်ဖို့ဒ်နည်းပြအဖြစ် မာကိုဆေးလ်ဗား ဆောင်ရွက်ခဲ့စဉ်က ၎င်းအားခေါ်ယူရန် ကြိုးစားခဲ့သည့် အဲဗာတန်အသင်း အမှတ်လျှော့ပြစ်ဒဏ် (သို့မဟုတ်) ဒဏ်ငွေချမှတ်ခံရဖွယ်ရှိ
Published 14 September 2018

Photo: Reuters

အဲဗာတန်အသင်းသည် ပြီးခဲ့သည့်ရာသီက ဝက်ဖို့ဒ်အသင်းတွင် နည်းပြအဖြစ် ဆောင်ရွက်နေသည့် မာကိုဆေးလ်ဗားကို ခေါ်ယူရန် ကြိုးစားမှုဖြင့် အမှတ်လျှော့ပြစ်ဒဏ် (သို့မဟုတ်) ဒဏ်ငွေ ပေးဆောင်ရဖွယ်ရှိနေကြောင်း သိရသည်။

မာကိုဆေးလ်ဗားကိစ္စနှင့် ပတ်သက်ပြီး အဲဗာတန်နှင့် ဝက်ဖို့ဒ်အသင်းတို့သည် ကာလာရှည်ကြာ ပြဿနာဖြစ်ခဲ့ပြီး ယခုအခါ မာကိုဆေးလ်ဗားအား အဲဗာတန်အသင်း ခေါ်ယူခဲ့ခြင်းကို စစ်ဆေးမှုများပြုလုပ်နေကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။

ဝက်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီက မာကိုဆေးလ်ဗားအား ခေါ်ယူရန် တရားမဝင်ချဉ်းကပ်ခဲ့သည့် အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်သို့ တိုင်ကြားထားကြောင်းလည်း သိရသည်။

ယခုစုံစမ်းမှုအရ အဲဗာတန်အသင်းသည် ယင်းကာလအတွင်း မာကိုဆေးလ်ဗားနှင့် ဖုန်းပြောဆိုမှုများနှင့် မှတ်တမ်းမှတ်ရာများကို စုံစမ်းရေးအဖွဲ့သို့ ပို့ဆောင်ပေးရမည် ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်တွင် ယင်းကဲ့သို့ နောက်ဆုံးအကြိမ်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်မှာ ၂၀၀၅ ခုနှစ်တွင် အာဆင်နယ်နောက်ခံလူ အက်ရှ်လေကိုးလ်ကို ချယ်လ်ဆီးအသင်း ခေါ်ယူခဲ့စဉ်က ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ထိုစဉ်က အက်ရှ်လေကိုးလ်အား ခေါ်ယူရာတွင် ပရီးမီးယားလိဂ်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည့်အတွက် (၃)မှတ်လျှော့ဆိုင်းငံ့ပြစ်ဒဏ်နှင့် ပေါင် (၃၀၀၀၀၀) ဒဏ်ရိုက်ခံခဲ့ရသည်။

ထို့ပြင် အက်ရှ်လေကိုးလ်မှာလည်း ပေါင် (၇၅၀၀)ဒဏ်ရိုက်ခံခဲ့ရသလို ၎င်းနှင့် တွေ့ဆုံခဲ့သည့် ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို(လက်ရှိ မန်ယူအသင်းနည်းပြ)မှာလည်း ပေါင် (၇၅၀၀)ဒဏ်ရိုက်ခဲ့သည်။

ဝက်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့်ရာသီက အဲဗာတန်အသင်းက ခေါ်ယူရန် ကြိုးစားမှုကြောင့် ရလဒ်များဆိုးရွားခဲ့သဖြင့် နည်းပြ မာကိုဆေးလ်ဗားကို ဇန်နဝါရီလက ရာထူးမှ ထုတ်ပယ်ခဲ့သည်။

အဲဗာတန်အသင်းသည် ဆမ်အလာဒိုက်စ်၏ နေရာတွင် မာကိုဆေးလ်ဗားကို နည်းပြအဖြစ် ပြီးခဲသည့် ဇွန်လက ခန့်အပ်ခဲ့သည်။ ထိုအချိန်မှ စကာ အဲဗာတန်အသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့အကြား ဆေးလ်ဗားကိစ္စနှင့် ပတ်သက်ပြီး ပြဿနာတက်နေခဲ့ခြင်း ဖြစ်သည်။