မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သီးနှံစုံစိုက်ဧက ၃၅၀၀ ကျော် ပျက်စီး

မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သီးနှံစုံစိုက်ဧက ၃၅၀၀ ကျော် ပျက်စီး
Published 13 September 2018

မန္တလေးတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်နေသည့် စိုက်ခင်းတစ်နေရာကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇွန်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစုံစိုက်ဧက ၃၅၀၀ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ဆည်ခရိုင်၊ တံတားဦး မိတ္ထီလာခရိုင်၊ ဝမ်းတွင်း၊ မြင်းခြံခရိုင် နွားထိုးကြီး ငါန်းဇွန် ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တို့ရှိ ကျေးရွာ ၃၅ ရွာမှ တောင်သူ ၃၀၅၉ ဦး ပိုင်ဆိုင်သော သီးနှံစုံဧက ၃၅၀၀ ကျော် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မန္တလေးတိုင်းမှာ ဇွန်လထဲက မုန်တိုင်းနဲ့ မိုးရွာသွန်းမှုကြောင့် မိုးကြိုနှမ်းဧကနဲ့ အခြားသီးနှံဧကတွေ ပျက်စီးမှု ဖြစ်ပေါ်ခဲ့တယ်။ စုစုပေါင်းကတော့ ဧကပေါင်း ၃၅၀၀ ကျော်အထိ ပျက်ပါတယ်။ ပျက်တဲ့ ဧကတွေကို အရန်မျိုးစပါး စုဆောင်းထားတာ ရှိပါတယ်။ အဲဒီဧက အားလုံးကို တစ်ဧကကို တစ်တင်းနှုန်းနဲ့ မျိုးကို ပြန်လည် ဖြန့်ဝေပေးပြီး ဖြစ်ပါတယ်။ စိုက်ချိန်မီအောင် ပြန်ဖြန့်ပေးတာပါ။ အများဆုံး ပျက်တာကတော့ ကျောက်ပန်းတောင်း ဝမ်းတွင်းဘက်ပါပဲ။ ကျန်တာတွေကတော့ အပျက်အစီး မရှိသလောက်ပါပဲ” ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျင်မောင်က ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် သီးနှံများမှာ နွေပဲတီစိမ်း၊ မိုးကြိုချည်မျှင်ရှည်ဝါ၊ မိုးစပါး၊ ငရုတ်၊ မိုးနှမ်း၊ မိုးကြို အစေ့ထုတ် ပြောင်း၊ နွေနှမ်း၊ မိုးပဲတီစိမ်းသီးနှံများဖြစ်ကြောင်း သိရပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ဝမ်းတွင်းမြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် စိုက်ဧကများကို စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မျိုးသီးနှံများ ပြန်လည် ဖြန့်ဝေပေးထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဧရာဝတီမြစ်ရေတက်ခြင်း၊ ချောင်းရေ၊ မြောင်းရေလျှံခြင်းတို့ကြောင့် သီးနှံများ ရေကြီးနစ်မြုပ်ပျက်စီးမှုမှာ ယမန်နှစ် ဧပြီလ ၁ ရက်မှ သြဂုတ် ၁၅ ရက်အထိ ပျက်စီးမှု ဧက ၁၀၆၆၀ ဒသမ ၄၄ ရှိခဲ့ပြီး သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ပျက်စီးမှု ဧက၄၅၆၁ ဧကရှိကာ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ရေမြုပ်ပျက်စီးဧက စုစုပေါင်းမှာ ၁၅၂၂၁ ဧကရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၄၀၀၀ ကျော်ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent