ကျွန်တော်တို့ မိသားစု ဟားခါးမှာ နေခဲ့ကြတုန်းက ခက်ခဲ ပင်ပန်းပါတယ်။ အဖေက မြေစာရင်းရုံးက လက်ထောက်ဦးစီး တစ်ယောက်။ အမေက ဝန်ထမ်းမလုပ်တော့ ပိုဆိုး။ ကျွန်တော်တို့ မောင်နှမတွေက လေးယောက်။ အဖေအမေနဲ့ဆို ပေါင်းခြောက်ယောက်။ အဖေ့လစာ တစ်ခုတည်းနဲ့ ဟားခါးကို ချီတက်ခဲ့ကြတာ။ အဲဒီတုန်းက ဆန်တစ်အိတ်ဟာ တစ်သောင်းခွဲ။ စဉ်းစားကြပေတော့။ သုံးသောင်းမရှိတဲ့ လစာနဲ့ လူခြောက်ယောက်နဲ့။ ဒါတောင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းတစ်ခြမ်းလေး ရထားလို့ တော်သေးတယ်။ ဟားခါးမှာ အပေါဆုံးပြောပါဆို ဂေါ်ရခါးသီးလို့ ပြောရမယ်။ အဲဒီတော့ ဂေါ်ရခါးသီးကို ပြုတ်တစ်လှည့် ကြော်တစ်လှည့်နဲ့ စားသောက်ကြရပါတယ်။ နှင်းခါး ကျတတ်တော့ ခြံထဲကလည်း သိပ်မစားရတာ များပါတယ်။ မုန်ညင်း၊ ငရုတ်သီး၊ ပြောင်း ဒါတွေပဲ စိုက်ရတယ်။ ငပိရည်ကျို၊ ငါးပိကြော်၊ ဂေါ်ရခါးသီးကြော် တစ်လှည့် ပြုတ်တစ်လှည့် ဂေါ်ရခါးညွန့် ဟင်းချို။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်အာဟာရတွေပါ။
ဟားခါး စရောက်တော့ ပထမဆုံး ကြုံခဲ့ရတဲ့ပြဿနာက ဘာသာစကား အခက်အခဲ ပဲ။ ကျောင်းဖြစ်ဖြစ် ဈေးဖြစ်ဖြစ် ဘယ်နေရာမဆို ဟားခါးစကားပဲ ပြောကြသုံးကြတယ်။ ဗမာစကားဆို သိပ်မရကြဘူး။ ပြောလည်း သိပ်မပြောတတ်ကြတော့ ကျွန်တော်တို့လို မင်းတပ်သားအနေနဲ့က ခက်ခဲပါတယ်။ သူတို့ကလည်း မင်းတပ်စကား မပြောတတ်ကြဘူးကိုး။ ကျွန်တော်လည်း ချင်းပါပဲ။ ဟားခါးစကားတော့ မပြောတတ်ဘူးလို့ ခဏခဏ ပြန်ပြောရပေမယ့်လည်း ကြာလာတော့ မပြောဖြစ်တော့ပါဘူး။ ကျွန်တော်တို့ ချင်းလူမျိုးတွေရဲ့ ချင်းဘုံစကားမရှိတဲ့ ပြဿနာပါပဲ။ ဒါပေမဲ့လည်း ကြာလာတော့လည်း ဟားခါးစကား ပြောတတ်သွားပါတယ်။
ဟားခါးစာတောင် နည်းနည်းပါးပါး ဖတ်တတ် ရေးတတ်သွားတယ်။ ဒီနေရာမှာ ကျေးဇူးတင်တာ သဘောကျတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ဟားခါး သူ/သားတွေအနေနဲ့ ဗမာစကား မသုံးကြတာကိုပါ။ တကယ်တော့ ဗမာစကား ပြောခြင်း မပြောခြင်း၊ သုံးခြင်း မသုံးခြင်းမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကောင်းကျိုးအနေနဲ့ ပြောရမယ်ဆို သူတို့ဘာသာစကားကို ထိန်းသိမ်းနေခြင်း တစ်မျိုးပဲ။ ကောင်းကောင်း ပြောတတ်ကြတယ်။ ရေးတတ်ကြတယ်။ အတန်းပညာ ကောင်းကောင်းမနေဖူးတဲ့ လူတွေတောင် ဟားခါးစာကို ဖတ်တတ် ရေးတတ်ကြတာကို တွေ့ရတယ်။ ဟားခါးစာကိုလည်း အလေးထားပြီး သင်ကြတာ တွေ့ရတယ်။ ဘုရားကျောင်းတွေရဲ့အခန်းကဏ္ဍတွေဟာ သိပ်ကို အရေးပါ ပါတယ်။ အစိုးရကျောင်းအနေနဲ့ သက်ဆိုင်ရာ လူမျိုးတွေရဲ့ ဘာသာစကားကို မူလတန်းအဆင့်မှာ ထည့်သွင်း သင်ကြားခြင်း မပြုတဲ့အခါပေါ့။ ဟားခါး စာရေးတတ် ဖတ်အောင် ဘုရားကျောင်းတွေက လှုပ်ရှားကြတာပဲ။ သိပ်ကို ချီးကျူးဖို့ကောင်းတဲ့ ကိစ္စပါ။ ဟားခါးမှာနေတဲ့ ဗမာလူမျိုးတွေဆို ဝန်ထမ်းတွေလောက်ပါပဲ။ ပြောခဲ့အတိုင်း ဟားခါးမှာ ဗမာစကား အခက်အခဲတွေ တွေ့ကြရတယ်။ သူတို့ ကျွမ်းကျင်တာက အင်္ဂလိပ်စာပဲ။ ဟားခါးချင်းတွေဟာ သူတို့ဘာသာစကားကို အင်္ဂလိပ်လိုပဲ သုံးကြတယ်။ ဗျည်း သရတွေကလည်း အင်္ဂလိပ်စာတွေပဲ။ အတူတူပဲ။ ဥပမာ Dam maw လို့ပြောမယ်။ နေကောင်းလားတဲ့။ အင်္ဂလိပ်လို ပေါင်းမယ်ဆို “ဒမ်းမော” ဒါပဲမဟုတ်လား။ ဒီတော့ သူတို့တွေဟာ အင်္ဂလိပ်စာ စကားအသံထွက် ပီကြတာ တော်ကြတာ သိပ်တော့ အံ့သြစရာမဟုတ်ဘူး။ ဟားခါးစာနဲ့ အင်္ဂလိပ်စာဟာ ကွဲတာဆိုလို့ နည်းနည်းပါပဲ။ ဗမာစာ ဗမာစကားကိုတော့ သူတို့တွေ အခက်အခဲကြုံကြရတယ်။ ပြောလည်း မပြောတတ်ကြဘူးကိုး။ တစ်နှစ်ကဆို အတန်းထဲမှာ ကျွန်တော်က ဝါကျဖွဲ့ပေးရတယ်။ ဆရာမကလည်း အလုပ်မအားပုံ ပေါ်ပါတယ်။ အဲဒီတော့ ကျွန်တော်ဖွဲ့ပေးတဲ့ ဝါကျကို သင်ပုန်းပေါ်မှာ တစ်ယောက်က တက်ရေး။ ပြီးတာနဲ့ တစ်တန်းလုံးကူးကြ ကျက်ကြရောပဲ။ ကောင်းတဲ့အချက်တွေ မကောင်းတဲ့ အချက်တွေလည်း အများကြီးပါပဲ။