ရန်ကုန်တိုင်းဒေသကြီးသာမက မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ ကရင်၊ မွန်၊ တနင်္သာရီ စသည့်ဒေသများ၌ပါ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ရန် အမေရိကန်နှင့် တရုတ်အပါအဝင် ကိုးနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်မြှုပ်နှံနိုင်ရေး ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးသာမက မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ ကရင်၊ မွန်၊ တနင်္သာရီ စသည့်ဒေသများ၌ပါ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့နိုင်ရန် အမေရိကန်နှင့် တရုတ်အပါအဝင် ကိုးနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်မြှုပ်နှံနိုင်ရေး ဆောင်ရွက်မည်
Published 1 September 2018

ရန်ကုန်တိုင်းဒေသကြီးသာမက မန္တလေး၊ ရှမ်း ၊ ဧရာဝတီ၊ ကရင် ၊မွန်၊ တနင်္သာရီစသည့် ဒေသများ၌ပါ ရင်းနှီးမြှုပ်နှံမှုများ  တိုးချဲ့နိုင်ရန် အမေရိကန်နှင့် တရုတ်အပါအဝင် ကိုးနိုင်ငံမှ လုပ်ငန်းရှင် လာရောက်မြှုပ်နှံနိုင်ရေး ဆောင်ရွက်မည် သြဂုတ် ၃၁ ရက်က မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည် “Invest Myanmar Summit 2019” အတွက် အကြိုသတင်းစာရှင်းလင်းပွဲမှ သိရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် ဆောင်ရွက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှာ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး ခုနစ်ခုတွင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယတို့မှ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ခြင်း နှင့်ဖြန့်ဖြူးရေး၊ စားသောက်ကုန်နှင့် ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အိမ်ခြံမြေစသည့် ကဏ္ဍရှစ်ခုတွင် လာရောက်ရင်းနှီးမြှုပ်နှံလာအောင် ဖိတ်ခေါ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီ၊ ရှမ်းမှာက ဧရာဝတီဆိုလို့ရှိရင်လည်း စိုက်ပျိုးရေးကောင်းတယ် ဆန်စပါး အရမ်းထွက်တယ်။ ရှမ်းဆိုလို့ရှိရင်လည်းသူမှာ မြေကအရမ်းကောင်းတော့ ကန်ထရိုက် လယ်ယာစိုက်ပျိုးရေးပဲဖြစ်ဖြစ် အစားအသောက် ထုတ်ကုန်လုပ်လို့ရပြီလို့ ယူဆတာပေါ့။ မွန်နဲ့ ကရင်မှာ ဟိုဘက်က ထိုင်းဘက်မှာ တိုးတက်မှုနှုန်းတွေကောင်းတယ်။ ထုတ်လုပ်မှုတွေကောင်းတယ်။ တချို့ စက်မှုဇုန်တွေ မြန်မာပြည်ဘက်ကို ပြောင်လာရင်တော့ အဲ့ဘက်ကို တိုးတက်စေချင်တာပေါ့။ တနင်္သာရီကတော့ ကျွန်တော်တို့ မီးလင်းစေချင်တာ” ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးဝေဖြိုးက ပြောကြားသည်။

အနောက်နိုင်ငံများဖြစ်သည့်  ဗြိတိန်၊  သြစတြေးလျနှင့် အမေရိကန်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အဓိကလာရောက် ရင်းနှီးမြှုပ်လာအောင် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အမေရိကန်တို့ ဗြိတိန်တို့ သြစတြေးလျတို့ကျတော့ သူတို့ဆီက ပညာရေးရင်းနှီးမြှုပ်နှံမှုပြီးရင် ကျန်းမာရေးရင်းနှီးမြှုပ်နှံမှုတွေ လိုချင်တယ်” ဟု ဦးဝေဖြိုးက ပြောကြားသည်။

ယင်းကဲ့သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် “Invest Myanmar Summit 2019” ကို လာမည့် ၂၀၁၉ ဇန်န ဝါရီ ၈ ရက်မှ ၉ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

၂၀၁၈ခုနှစ် ဧပြီမှ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်မြှုပ်နှံထားသည့် နိုင်ငံအလိုက်စာရင်းအရ ဗြိတိန်က ဒေါ်လာငါးသန်းကျော်၊ အမေရိကန်နိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၆သန်း၊ တရုတ်နိုင်ငံက ဒေါ်လာ၂၆သန်းကျော်၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁ဒသမ ၅၁သန်း၊ ကိုရီးယားနိုင်ငံကဒေါ်လာ ငါးသန်းကျော်၊ စင်ကာပူက ဒေါ်လာ၂၅ ဒသမ ၁၅ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၄ ဒသမ ၄၃ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၉၉ သန်းအထိ မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent