ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သို့ အလုပ်သွားလုပ်သော ရခိုင် ၅၁ ဦးအား နေရပ်ပြန်ပို့ခြင်းသည် လူမျိုးရေး ခွဲခြားမှုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်ဟုဆို

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သို့ အလုပ်သွားလုပ်သော ရခိုင် ၅၁ ဦးအား နေရပ်ပြန်ပို့ခြင်းသည် လူမျိုးရေး ခွဲခြားမှုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်ဟုဆို
Published 31 August 2018

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သို့ အလုပ်သွားလုပ်သော ရခိုင် ၅၁ ဦးအား နေရပ်ပြန်ပို့ခြင်းသည် လူမျိုးရေး ခွဲခြားမှုဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ကြာင်း ရခိုင်အမျိုးသားကွန်ရက်မှ ဦးသိန်းရွှေက သြဂုတ် ၃၀ ရက်တွင် စမ်းချောင်းမြို့နယ် ရခိုင်အမျိုးသား ကွန်ရက်ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦးမြို့နယ်များမှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၀ စုစုပေါင်း အလုပ်သမား ၅၁ ဦးသည် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် သွားရောက်ရာတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်အရောက် သက်ဆိုင်ရာက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဦးသိန်းရွှေက ပြောကြားသည်။

“ကျွန်တော်တို့ ရခိုင် တိုင်းရင်းသား ကိုင်ဆောင်တဲ့ ၁၁/မှတ်ပုံတင် ဆိုရင် ဒီလိုခွဲခြားမှုတွေ ဖြစ်နေတာ ခဏခဏပဲ။ ဥပဒေ ချိုးဖောက်တာလည်း မဟုတ်ဘူး။ အပြစ်မရှိဘဲ ဖမ်းဆီးတာတွေ၊ ခရီးသွားလာခွင့် မပေးတာတွေဟာ လူမျိုးရေး ခွဲခြားမှုလို့ပဲ ပြောချင်တယ်။ အခုလိုလုပ်ခြင်းဟာ အစိုးရ၏ တို့တာဝန်အရေးသုံးပါးမှာ ပါတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်။ ဌာနေ ရခိုင်တိုင်းရင်းသားတွေ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေ ပေးဖို့၊ လူမျိုးရေး ခွဲခြားမှုတွေ ထပ်မလုပ်ဖို့ အစိုးရကို တောင်းဆိုပါတယ်”ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဦးသိန်းရွှေက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ အလုပ်သမား ၅၁ ဦးသည် သြဂုတ် ၂၄ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်သို့ အရောက်တွင် ကျိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းမှူးအမိန့်အရ ဖမ်းဆီးခြင်း ဖြစ်ကြောင်း ပြောကြားပြီး ရခိုင်အမျိုးသား ၅၁ ဦးကို နေရပ်ပြန်ပို့ခြင်း ဖြစ်ကြောင်း မင်းပြားမြို့နယ်မှ ရခိုင် အလုပ်သမားတစ်ဦးဖြစ်သူ ကိုခိုင်သီဟက ပြောကြားသည်။

“၁၁/ မှတ်ပုံတင်ဆိုရင် ကားပေါ်က အကုန်ဆင်းခိုင်းတယ်။ ဘာကြောင့် ဖမ်းတာလဲ မေးလည်း မပြောဘူး။ တိုင်းမှူးအမိန့်အရလို့ ပြောတယ်။ နိုင်ငံသား မှတ်ပုံတင်တွေကိုလည်း သိမ်းလိုက်တယ်။ ကျွန်တော်တို့ တောင်ကြီးပြန်ရောက်မှ မှတ်ပုံတင်တွေ ပြန်လာပေးတယ်။ နိုင်ငံသားဖြစ်ပြီး ကိုယ့်နိုင်ငံထဲမှာတောင် ခရီးသွားလာလို့ မရတာ ဝမ်းနည်းဖို့ကောင်းတယ်။ သက်ဆိုင်ရာ လူကြီးတွေ သိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောရတာ ဖြစ်တယ်” ဟု ရခိုင် အလုပ်သမားတစ်ဦးဖြစ်သူ ကိုရဲသီဟက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ အလုပ်သမား ၅၁ ဦး ဖမ်းဆီး ထိန်းသိမ်းခံရပြီး နေရပ်ပြန်ပို့ခြင်းနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။ ရှမ်းပြည်နယ်မှ ပြန်ပို့ခံရသော ရခိုင်အလုပ်သမား ၅၁ ဦးကို ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်ပရဟိတ လူမှုကူညီမှုရေးအသင်းများက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်ဦး ဘုန်းတော်ကြီးကျောင်းတွင် ထိန်းသိမ်း စောင့်ရှောက်ထားသည့်အပြင် အလုပ်အကိုင်များ ရရှိအောင် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Most Read

Most Recent