ဒေါ်လာဈေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်

ဒေါ်လာဈေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်
Published 17 August 2018

ဒေါ်လာဈေး အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ယခုလအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အဲဒါကို အတိုင်ပင်ခံပုဂ္ဂိုလ်ရယ်၊ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိတဲ့ သူတွေ။ နောက် စီးပွားရေးဝန်ကြီးဌာနက လူတွေနဲ့ အမြဲမပြတ် ဆွေးနွေးနေပါတယ်။ နောက် ဒီလာမယ့် ဒီလနှောင်းပိုင်းမှာလည်း ကျွန်တော်တို့ စီးပွားရေးနယ်ပယ်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဖို့ ရှိပါတယ်။ အဲဒါလည်း ကျွန်တော်တို့ စီစဉ်နေတယ်။ ဆိုလိုတာက အစိုးရပိုင်းက ပေါ်လစီတွေကို ထိန်းညှိတဲ့အပိုင်း၊ လုပ်ငန်းရှင်တွေအပိုင်းက စီးပွားရေးနဲ့ ပတ်သက်လို့ လူးသာ လွန့်သာပေါ့၊ ဖြစ်အောင် လုပ်ရမယ့်အပိုင်း။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဆီလည်း စီးပွားရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေကနေ အကြံဉာဏ်တွေ၊ ပေးပို့ချက်တွေလည်း ရနေပါတယ်။ ဒါကိုတော့ ပြောရရင်တော့ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျွန်တော်တို့ သမ္မတကြီးရော နောက် စီးပွားရေးဆိုင်ရာ တာဝန်ရှိတဲ့သူတွေရော အကောင်းဆုံးတော့ ညှိနှိုင်းပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆက်လက်၍ “အဓိက,က ကျွန်တော်တို့ နိုင်ငံရဲ့ Foreign Result က နိုင်ငံခြား အရန်ငွေပမာဏက ဘယ်လောက်ထိန်းမလဲပေါ့။ ဒီ Local မှာရှိနေတဲ့ Supply , Demand ။ ဒီ ဈေးကွက်ကြီးကို ထိန်းချုပ်နိုင်လောက်အောင် ကျွန်တော်တို့က ဘယ်လောက်အထိ ထိန်းနိုင်မလဲ။ တစ်နေ့ကို ဥပမာ ဒေါ်လာတစ်သန်း ထည့်မယ်ဆိုရင် ဝယ်တဲ့သူကိုလည်း ကျွန်တော်တို့ သတ်မှတ်တဲ့ဈေးနဲ့ ရောင်းပေးရမယ်။ ရောင်းတဲ့သူကိုလည်း ကျွန်တော်တို့က ဝယ်ပေးနိုင်ရမယ်။ ဗဟိုဘဏ်က ဒီအနေအထားမှာ ကျွန်တော်တို့ ခုကတော့ ဗဟိုဘဏ်က သူ့ဘာသူ ချိန်ညှိပြီးတော့ လုပ်တာတွေ ဒီ Float လုပ်ထားတာကို ဖြုတ်လိုက်တယ်ပေါ့နော်။ ဖြုတ်လိုက်တယ်။ ဒီ Free Float ပုံစံမျိုး ထားထားတယ်။ အရင်တုန်းက Manage Float ပေါ့နော်။ အဲဒီပုံစံမျိုးကနေပြီးတော့ အထူးသဖြင့် လူတွေက ဒီထက်ပိုပြီး ဈေးတက်လာမှာ စိုးရိမ်တဲ့အတွက် ကြိုပြီးတော့ ဝယ်ကြတာတွေ ရှိတယ်။ အဲဒါတွေလည်း လန့်ပြီးတော့ စိုးရိမ်ပြီးတော့ ငွေတွေပိုပြီးတော့ စုထားတယ်။ အစိမ်းတွေ ဝယ်ပြီးတော့ စုဆောင်းတဲ့အခါမှာ ဈေးကွက်ထဲမှာ ဝယ်လိုအားက ပိုများသွားတယ်။ ဒါပေမဲ့ ဒီနေ့ပဲ ကြည့်လိုက်ရင် နည်းနည်းလေး ပြန်ကျလာတယ်။ မနက်ပိုင်းမှာ ၁၅၆၀ လောက်အထိ ဖြစ်သွားပြီး အခု ၂၀ ကျော်လောက် ပြန်ကျသွားတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်း နိမ့်ကျသွားရန်နှင့် မြင့်မားသွားရန် မလိုအပ်ဘဲ တန်ဖိုးတစ်ခုတွင် တည်ငြိမ်နေရန် လိုအပ်ကြောင်းလည်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “အခုက ကျွန်တော်တို့က အရမ်းအပြောင်းအလဲက မြန်နေတော့ ဒီအနေအထားလေးကိုတော့ ဒီရက်ပိုင်းမှာတော့ မကြာခင်မှာတော့ ငြိမ်သွားမယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်” ဟု ပြောကြားသည်။

Most Read

Most Recent