၂၀၂၁ ခုနှစ်တွင် လိုအပ်လာမည့် ခန့်မှန်းလျှပ်စစ်ဓာတ်အားကို အပြည့်အ၀ ဖြည့်ဆည်းနိုင်ရေးအတွက် ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် အကောင်အထည်ဖော်ရေး၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းလာသည့်အတွက် Liquefied Natural Gas (LNG) ကို အသုံးပြုပြီး ကာလလတ်စီမံကိန်း အနေဖြင့် မဂ္ဂါဝပ် ၃၀၀၀ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထားသော ကဏ္ဍများတွင် ရရှိလာသော ဖွံ့ဖြိုးမှု အကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း အသုံးပြုရန် ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Group, SCG) ၏ တတိယအကြိမ် အစည်းအဝေးကို သြဂုတ် ၈ ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ရေအား၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ သဘာဝဓာတ်ငွေ့နှင့် ဇီဝလောင်စာစသည်တို့ ကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဖြစ်ရန် သင့်လျော်သော အချိုးအစားများဖြင့် စွမ်းအင်အရင်းအမြစ် အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။
ကာလရှည် စီမံကိန်း အနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းများကို အားထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းအသစ်နှစ်ခုဖြစ်သည့် ရွှေလီ (၃) စီမံကိန်းနှင့် ဒီးဒုတ်စီမံကိန်းတို့ကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်ရေး Notice to Proceed ထုတ်ပေးသွားရန်ရှိကြောင်း၊ ဒီးဒုတ်ရေအားလျှပ်စစ် စီမံကိန်းကို အနိမ့်တမံစနစ်သုံး၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဖြစ်သည့် မင်းဘူး (၁၇၀ မဂ္ဂါဝပ်) ၏ ပထမအဆင့် ၄၀ မဂ္ဂါဝပ်မှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။