နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် အမှုသုံးခုစလုံးကို ခရိုင်တရားရုံးတွင် ပူးပေါင်းစစ်ဆေးခွင့်ရရှိခဲ့ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် ပြောကြား

နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် အမှုသုံးခုစလုံးကို ခရိုင်တရားရုံးတွင် ပူးပေါင်းစစ်ဆေးခွင့်ရရှိခဲ့ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 21 June 2018

ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော ဒေါက်တာအေးမောင်အား ဇွန် ၂၀ ရက် ရုံးချိန်းတွင် တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စာပေဟောပြောပွဲ၌ ဟောပြောမှုကြောင့် ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခံထားရသော  ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ဇွန် ၂၀ ရက်တွင် ၁၄ ကြိမ်မြောက်ရုံးထုတ်ပြီး အမှုသုံးခုစလုံးကို ခရိုင်တရားရုံးတွင် ပူးပေါင်းစစ်ဆေးရေးအတွက် တင်ပြချက်အား တရားရုံးက လက်ခံကြောင်းနှင့် အမြန်စစ်ဆေးစေလိုကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

ဒေါက်တာအေးမောင်က “ရုံးပြောင်းလျှောက်တာကို ပြောင်းခွင့်ပေးလိုက်တယ်။ ကျွန်တော်တို့ကတော့ မြန်မြန်လေးစစ်စေချင်တာပေါ့၊ မြန်မြန်စစ်တော့ မြန်မြန်အဖြေရတာပေါ့။ မလိုအပ်ဘဲနဲ့ နိုင်ငံရေးပြစ်မှုတွေ များနေတယ်။ ဥပမာ ၆၆ (ဃ) တို့လိုမျိုးများနေ တယ်ဆိုရင်ဘာကို ပြုပြင်ဖို့လိုလဲဆိုတာ အစိုးရမင်းများကိုယ်တိုင် မေးမြန်းဖို့လိုတယ်။ ပြည်သူတွေကဘယ်လိုဆန္ဒရှိသလဲ။ ပြည်သူ့ဆန္ဒနဲ့ တက်လာတဲ့ အစိုးရတိုင်းဟာ ပြည်သူကို ပြန်သုံးသပ်ရမယ်။ ပြည်သူရဲ့ ရောင်ပြန်ဟပ်စေချင်တယ်။ ပြည်သူရဲ့ဆန္ဒကို ကျွန်တော် လွှတ်တော်အမတ်တစ်ဦးဖြစ်တယ်။ လွှတ်တော်အမတ်တစ်ဦးကို အမှုကို ပြန်သုံးသပ်မှ မိမိတို့ အစိုးရရဲ့မှားတဲ့ ဟာလေးတွေကို ပြန်ဆင်ခြင်နိုင်တာပေါ့။ ဒါကျွန်တော်က နိုင်ငံရေးအား ဖြင့်သုံးသပ်တာပါ။ လွှတ်တော်အမတ်တစ်ဦးကိုတောင် ဒီလိုမျိုးအမှုသုံးခုမစွဲရဆိုပြီး ပြဋ္ဌာန်းချက် ရှိပါလျက်နဲ့ စွဲပြီဆိုကတည်းက ကျေးလက်ဒေသမှာ ဘယ်လောက်ခံနေရမလဲ။ ဥပဒေရဲ့ ထီးအောက်မှာ နိုင်ငံသားအားလုံးဟာ တန်းတူခံစားခွင့်ရှိနေရမယ်။ သို့သော် ကျေးလက်မှာ မသိနားမလည်တဲ့ ပြည်သူတွေ ဘယ်လောက်များနေမလဲ။ ထောင်မှာလာကြည့်ပါ။ ထောင်ကလူတွေကလည်း ဦးသိန်းစိန်ကို ပြန်တမ်းတနေကြတယ်။ ဦးသိန်းစိန် ဒီမိုကရေစီကိုပြောင်းလဲတဲ့ အစိုးရတစ်ရပ်ကို ဦးဆောင်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လောက်အထိ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့လဲ။ အဲဒီဟာလေးကို ဖွင့်ဟပေးဖို့ လက်ရှိအစိုးရမှာ တာဝန်ရှိတယ်။ မထားသင့်တဲ့အရေအတွက် ထောင်ထဲမှာ ထားနေရတယ်။ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပေါ့” ဟု ပြောကြားသည်။

စာရေးဆရာဝေဟင်အောင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့အား စစ်တွေခရိုင်တရားရုံးတွင် ပုဒ်မ ၁၂၂ အရစွဲဆိုထားပြီး စစ်တွေမြို့နယ် တရားရုံးတွင် ရသေ့တောင်မြို့နယ်၌ စွဲဆိုထားသည့် ပုဒ်မ ၁၇ (၁) နှင့်  ၅၀၅ (ခ) (ဂ)တို့ဖြင့် မူလက စွဲဆိုထားခြင်းဖြစ်ကာ စစ်တွေ မြို့နယ်ရုံးသို့ လွှဲပြောင်းစစ်ဆေးခဲ့သဖြင့် ယင်းမြို့နယ်တရားရုံးကအမှုအား စစ်တွေခရိုင် တရားရုံးတွင် စစ်ဆေးရန် ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင်တို့၏ ရှေ့နေများက တင်ပြလျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဇွန် ၂၀ ရက်ရုံးချိန်းတွင် စစ်တွေခရိုင်၌ ပေါင်းပြီးစစ်ဆေးခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှခေါ်ယူ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခံခဲ့သည်။ အမှုအား ဆက်လက်ပြီးစစ်ဆေးရန် ဇွန် ၂၇ ရက်သို့ ပြန်လည်ချိန်း ဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent