ကျပ်သန်းတစ်ထောင်ကျော် ကုန်ကျမည့် ကန်ပတ်လမ်းမှ သိမ်ဖြူကွင်းအနီးသို့ဖြတ်ပြီး လမ်းသစ်ဖောက်လုပ်ခြင်းမှာ ပြည်သူ့ဘဏ္ဍာငွေ ဖြုန်းတီးခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်

ကျပ်သန်းတစ်ထောင်ကျော် ကုန်ကျမည့် ကန်ပတ်လမ်းမှ သိမ်ဖြူကွင်းအနီးသို့ဖြတ်ပြီး လမ်းသစ်ဖောက်လုပ်ခြင်းမှာ ပြည်သူ့ဘဏ္ဍာငွေ ဖြုန်းတီးခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်
Published 31 May 2018

မေ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို တွေ့ရစဉ်

ကျပ်သန်းတစ်ထောင်ကျော် ကုန်ကျမည့် ကန်ပတ်လမ်းမှ သိမ်ဖြူကွင်းအနီးသို့ဖြတ်ပြီး လမ်းသစ်ဖောက်လုပ်မည့်ကိစ္စသည် ပြည်သူ့ဘဏ္ဍာငွေကို ဖြုန်းတီးခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက တိုင်းဒေသကြီး လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ယင်းကန့်ကွက်ခဲ့မှုသည် မေ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့် ပတ်သက်ပြီး ဦးလှဌေးမှ ဆွေးနွေးရာတွင် လမ်းသစ်ဖောက်လုပ်မည့်ကိစ္စကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

“တင်ပြချင်တဲ့အချက်ကတော့ ကန်ပတ်လမ်း၊ သိမ်ဖြူလမ်းနဲ့ ဦးအောင်မြတ်လမ်းကြား၊ လမ်းသစ်တစ်ခု ဖော်ဆောင်ခြင်းအတွက် စုစုပေါင်းငွေ ကျပ်သန်းပေါင်း ၁၃၂၅ စာရင်းကို တွေ့ရှိရပါတယ်။ ယခုသွားနေတဲ့ ကမ်းပတ်လမ်းအောက်ဘက် သိမ်ဖြူကွင်း အစပ်နားကနေပြီးတော့ နောက်ထက် လမ်းတစ်လမ်း ဖောက်လုပ်ဖို့ဖြစ်ပါတယ်။ ဒီနေရာက အဲဒီလိုဖောက်လုပ်ဖို့ မသင့်တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာက သိမ်ဖြူအားကစားကွင်းနဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်ပါတယ်။ သိမ်ဖြူအားကစားကွင်းက ရောင်းစားခဲ့လို့ ကုန်သလောက် ဖြစ်နေပါပြီ။ အထပ်မြင့် ကွန်ဒိုကြီး ဆောက်ဖို့ပေးခဲ့တယ်။ အဲဒီတုန်းက ဆိုင်ခန်းတွေ ဆောက်လုပ်တယ်။ ဘောလုံးကွင်းနေရာကို ရောင်းစားခဲ့တယ်။ ဓာတ်ဆီဆိုင်ကို နေရာပေးခဲ့တယ်။ လက်ဝှေ့အားကစားရုံဘေးမှာ အဆောက်အအုံတွေ ထပ်ဆောက်တယ်။ ပြည်သူတွေပိုင်တဲ့ အားကစားမြေတွေ ကုန်နေပါပြီ။ သုံးစွဲမည့် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၁၃၂၅ ကို ဖြုန်းတီးရာ ရောက်နေပါပြီ။ အဲဒီငွေတွေကို အကျိုးရှိမယ့် အမှန်တကယ် လိုအပ်တဲ့နေရာမှာ သုံးသင့်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြည်သူအတွက် အကျိုးကျေးဇူးမရှိ ပျက်စီးမှုသာရှိလာမယ့် မလိုအပ်တဲ့နေရာမှာ ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ကို လုံးဝသဘောမတူပါဘူး။ လမ်းဖောက်လုပ်မယ့် အစီအစဉ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြောကြားအပ်ပါတယ်” ဟု ဦးလှဌေးက ပြောကြားသည်။

အဆိုပါနေရာရှိ သစ်ပင်လေးများနှင့် သဘာဝနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် မြေနေရာကို ထိန်းသိမ်းရမည့်အစား ထပ်မံဖျက်ဆီးရန် ကြိုးစားနေသည်ဟုမြင်ကြောင်း၊ လမ်းအသစ် ဖောက်လုပ်လိုက်ပါကလည်း ထူးထူးခြားခြား အကျိုးရှိလာမည် မဟုတ်ကြောင်း၊ ဦးအောင်မြတ်လမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံသည်ယာဉ်များ ကျပ်တည်းကာ အလုအယက် မောင်းနေသည့် နေရာဖြစ်ကြောင်း၊ ယင်းနေရာတွင် လမ်းတစ်လမ်း ထပ်မံထွက်ရှိလာပါက ယင်းလမ်းမှ ကားများသည်လည်း အလုအယက် ထပ်မံတိုးဝင်မှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ သိမ်ဖြူကွင်းနှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မှ ပြည်သူများသည် ဒဏ်ရာများဖြစ်နေပြီ ဖြစ်ကြောင်း၊ ဒဏ်ရာများကို ပိုမိုကြီးမားအောင် မပြုလုပ်သင့်ကြောင်း ဦးလှဌေးက ပြောကြားသည်။

ထို့ပြင် ကန်တော်ကြီးရေကူးတံတား ဘတ်ဂျက်သုံးစွဲမှုနှင့် ပတ်သက်ပြီး ယခင်နှစ်တွင် ကျပ်ငွေသန်း ၅၄၄၀ ထုတ်ယူ သုံးစွဲခဲ့ကြောင်း၊ မည်ကဲ့သို့ သုံးစွဲခဲ့သည်ကို မသိရှိရကြောင်း၊ ယခုဘတ်ဂျက်တွင်လည်း ပေ ၂၀၀၀ အတွက် ကျပ်သန်းပေါင်း တစ်ထောင်သုံး စွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ပေ ၁၀၀၀ ကို ကျပ်သန်းပေါင်း ၅၀၀ သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း၊ ၎င်းင်းတံတားသည် ပေအရှည် ၆၉၆၅ ရှိကြောင်း၊ ကျပ်သန်းပေါင်း ၃၅၀၀ ကို သုံးစွဲနေခြင်းဖြစ်ကြောင်း၊ ယင်းတံတားအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ယခုကဲ့သို့ သုံးစွဲရန် လိုအပ်ပါသလား၊ မည်ကဲ့သို့ ထူးခြားချက်များ ပါဝင်နေသည်နှင့် ပတ်သက်ပြီး ပြည်သူနှင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် လိုအပ်ကြောင်း ဦးလှဌေးက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အရအသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ငါးဦးမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent