မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေး အတည်ပြုမည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံစတင်

မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေး အတည်ပြုမည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံစတင်
Published 13 May 2018

မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေး အတည်ပြုမည့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေ ၁၂ ရက်မှစတင်ကာ မော်လမြိုင် တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ မွန်ပရိယတ္တိစာသင်တိုက်တွင် ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေ ၁၂ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ညီလာခံတွင် မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီ၏ ဖွဲ့စည်းပုံအား ပြန်လည်စိစစ်၊ အကြံပြုချက်များရယူပြီး အတည်ပြုသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီအဖြစ် တည်ထောင်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းကာ အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ညီလာခံကျင်းပရေးကော်မတီထံမှ သိရသည်။

“ကျွန်မတို့ညီလာခံမှာ နိုင်ငံရေးပါတီများ အစုအဖွဲ့ဆိုတာ ရှိပါတယ်။ ကျင်းပရေးကော်မတီအဖွဲ့ကလည်း လက်ရှိမွန်နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့တာ ရှိပါတယ်။ ပထမအကြိမ် မွန်နိုင်ငံရေး ညီလာခံတုန်းကတော့ မွန်နိုင်ငံရေးပါတီတွေက ညီလာခံကို မတက်ရောက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ ထုတ်ခဲ့တာတွေရှိတယ်။ ဒီဒုတိယအကြိမ် ညီလာခံမှာတော့ ကျွန်မတို့အနေနဲ့ ဘာသံမှတော့ မကြားမိသေးဘူး။ အခုညီလာခံမှာလည်း ပါတီအနေနဲ့ ပါဝင်လာတာမျိုးမရှိနိုင်ဘူးလို့လည်း ယူဆထားပါတယ်။ ပထမအကြိမ် ညီလာခံအပြီးမှာ မွန်နိုင်ငံရေးပါတီတွေနဲ့ သုံးလအတွင်း တွေ့ဆုံညှိနှိုင်းဆွေးနွေးသွားမယ်လို့ မူချထားသလို ဆပ်ကော်မတီတွေဖွဲ့ပြီး ညှိနှိုင်းရေးအတွက် လုပ်ဆောင်ခဲ့ကြပါတယ်။ လက်ရှိမွန် နိုင်ငံရေးပါတီတွေကို ကျွန်မတို့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ စာတွေပို့ပါတယ်။ မွန်ပါတီတွေက ကျွန်မတို့ဆီကို စာမပြန်ခဲ့ပေမဲ့ စကားအနေနဲ့ ပြန်ပြောဖြစ်တာက သူတို့နှစ်ပါတီ ပေါင်းစည်းမှုကို အရင်လုပ်ပြီးမှသာလျှင် ကျွန်မတို့နဲ့တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားပေးမယ်ဆိုပြီး အဲဒီစကားတွေ ကျွန်မတို့ရရှိခဲ့ပါတယ်။ ကျွန်မတို့မျှော်မှန်းထားတာက မွန်လူမျိုးထဲမှာ နိုင်ငံရေးပါတီ တစ်ပါတီတည်းရှိရမယ်။ အဲဒီပါတီကလည်း မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်မယ့် ပါတီဖြစ်လာနိုင်ဖို့အတွက်ကို မွန်လူထုတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ အဲဒါကြောင့် ဒီညီလာခံနဲ့ပတ်သက်ပြီး ဖိတ်ကြားကတည်းက အလွှာအသီးသီး ပါဝင်လာနိုင်ဖို့အတွက်ကို အစုအဖွဲ့ရှစ်ဖွဲ့ သတ်မှတ်ပြီး ဖိတ်ကြားခဲ့ပါတယ်။ အဲဒီအပြင် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုနိုင်မယ့် ပါတီဖြစ်မြောက်ရေးအတွက် စိတ်ပါဝင်စားတဲ့သူတိုင်း ဒီညီလာခံကို တက်ရောက်ဆွေးနွေး အကြံပြုပေးကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါ်မီချယ်ရီစိုးက ပြောကြားသည်။

မွန်နိုင်ငံရေးညီလာခံ ကျင်းပသည့် ပထမနေ့နှင့် ဒုတိယနေ့များတွင် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုသည့် ပါတီအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည့် အရည်အချင်းများ၊ အကြောင်းအရာများနှင့် ကိုက်ညီမည့် အကြံဉာဏ်များရယူပြီးပါက ပါတီဖွဲ့စည်းပုံကို အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ညီလာခံ၏ တတိယနေ့တွင် ပါတီတည်ထောင်သွားမည့် ကိစ္စများကို ဆွေးနွေးသွားရန်ရှိသည့်အပြင် နိုင်ငံရေးပါတီအဖြစ် ဖော်ဆောင်ရေးကော်မတီကို ရွေးချယ်သွားရန်ရှိကြောင်း၊ ထို့ပြင် ဦးဆောင်ကော်မတီတစ်ရပ် သို့မဟုတ် အကြံပေးကော်မတီတစ်ရပ်လည်း ဖွဲ့စည်းသွားရန်ရှိကြောင်းနှင့် ညီလာခံပြီးဆုံးပါက ကော်မတီနှစ်ရပ် ဖွဲ့စည်းဖြစ်မည်ဟု မျှော်လင့်ရကြောင်း ဒေါ်မိချယ်ရီစိုးက ဆိုသည်။

“ပထမအကြိမ် မွန်နိုင်ငံရေးညီလာခံ မတိုင်ခင်ကတည်းက ကျွန်တော်တို့မျှော်မှန်းထားတာက ဒီညီလာခံက မွန်လူမျိုးတွေအတွက် ကိုယ်စားပြုတဲ့ပါတီတစ်ရပ် ဖော်ဆောင်ပေးဖို့အတွက်ပါပဲ။ ကျွန်တော်တို့ဖြစ်စေချင်တာက မွန်နိုင်ငံရေးပါတီ တစ်ပါတီတည်း ရှိစေချင်တယ်။ မွန်နိုင်ငံရေးပါတီတွေအနေနဲ့ မစည်းလုံးနိုင်ကြလို့ အခုလိုညီလာခံတွေ ပေါ်ပေါက်လာရတာပါ။ အဲဒီမတိုင်ခင် မွန်သံဃာတော်တွေ၊ ပညာရှင်တွေနဲ့ ညှိနှိုင်းခဲ့တာ အကြိမ်ပေါင်းမနည်းတော့ဘူး။ ဒါပေမဲ့လည်း ပါတီတွေက စည်းလုံးမှုမရှိခဲ့ဘူး။ ကျွန်တော်တို့လူမျိုးမှာ ပါတီများလို့မဖြစ်ဘူး။ မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းရေးအတွက် ဆောင်ရွက်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြလို့ နောက်ဆုံးတော့ အခုလို မွန်နိုင်ငံရေးညီလာခံ ကျင်းပပြီးတော့ မွန်အမျိုးသား ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်လာရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတယ်လို့ မြင်ပါတယ်” ဟု မွန်လူငယ်ဆုံမှတ် (MYF) မှ အတွင်းအရေးမှူးဖြစ်သူ ကိုမင်းဇာနည်ဦးက သုံးသပ်ပြောကြားသည်။

Most Read

Most Recent