နှစ်လအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ လူတစ်ရာနီးပါးသေဆုံးခဲ့ပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

နှစ်လအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ လူတစ်ရာနီးပါးသေဆုံးခဲ့ပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့
Published 6 March 2018

YBS (၉၁) ယာဉ်နှင့် Grand Starex အမျိုးအစား ကိုယ်ပိုင်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့)

ဇန်နဝါရီနှင့် ဖေဖော်ဝါရီတို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၌ လူတစ်ရာနီးပါးသေဆုံးခဲ့ပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ် ၅ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ၂၂၇ မှု ဖြစ်ပွားခဲ့သည့်အတွက် အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅၀ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် အမျိုးသား ၂၁၅ ဦးနှင့် အမျိုးသမီး ၈၅ ဦး စုစုပေါင်း ဦးရေ ၃၀၀ ရှိခဲ့သည်။

ဖေဖော်ဝါရီတွင် ယာဉ်မတော်တဆမှု ၂၁၃ မှုဖြစ်ပွားခဲ့သည့်အတွက် အမျိုးသား ၃၅ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ကိုးဦး စုစုပေါင်း၄၄ ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိမှုအနေဖြင့် အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၈၃ ဦး စုစုပေါင်း ၂၇၄ ဦးရှိခဲ့သည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်မတော်တဆမှု ၄၄၀ ဖြစ်ပွားခဲ့ပြီး ၉၄ ဦးသေဆုံးကာ ၅၇၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

နှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်လျှင် ပျမ်းမျှ ယာဉ်မတော်တဆမှု ခုနစ်မှုနှုန်းဖြစ်ပွားနေပြီး တစ်ရက်လျှင် ပျမ်းမျှ လူတစ်ဦးခွဲနှုန်းဖြင့် သေဆုံးနေသည်။ ထို့ပြင် တစ်ရက်လျှင် ယာဉ်မတော်တဆမှုများကြောင့် လူကိုးဦးခွဲနှုန်းဖြင့် ထိခိုက်ဒဏ်ရာများ ရရှိနေကြောင်း သိရသည်။

Most Read

Most Recent