နယ်မြေဒေသနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် မောင်တောမြို့နယ်တွင် ရဲစခန်းများ ထပ်မံဖွင့်လှစ်မည့်အပြင် ဘူးသီးတောင်၊ မောင်တောဒေသ၌ လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေသုံးဖွဲ့အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့နှင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတာဝန်ထမ်းဆောင်လျက်ရှိဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား

နယ်မြေဒေသနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် မောင်တောမြို့နယ်တွင် ရဲစခန်းများ ထပ်မံဖွင့်လှစ်မည့်အပြင် ဘူးသီးတောင်၊ မောင်တောဒေသ၌ လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေသုံးဖွဲ့အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့နှင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတာဝန်ထမ်းဆောင်လျက်ရှိဟု ပြည်ထဲရေးဒုတိယဝန်ကြီး ပြောကြား
Published 31 January 2018

၂၀၁၇ ခုနှစ် စက်တင်ဘာက မောင်တောဒေသ၌ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-လူမော်နိုင်)

နယ်မြေဒေသနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲစခန်းများ ထပ်မံဖွင့်လှစ်မည့်အပြင် ဘူးသီးတောင်၊ မောင်တောဒေသ၌ လက်နက်တပ်ဆင်ထားသည့် ပြည်သူ့စစ်ဌာနေ သုံးဖွဲ့အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့နှင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတာဝန်ထမ်းဆောင်လျက်ရှိဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကျော်ကျော်ဝင်းက မောင်တောမြို့နယ်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် လုံခြုံရေးအားနည်းသည့်နေရာနှင့် လုံခြုံရေးလုံးဝမရှိသည့် ဒေသခံတိုင်းရင်းသားကျေးရွာများ၌ ပြည်သူ့စစ်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရာမှာ ပိုမိုထိရောက်စေဖို့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဥပဒေကို ရေးဆွဲလျက်ရှိပါတယ်။ မောင်တောမြို့နယ်မှာ မြင်းလွှတ်နယ်မြေရဲစခန်း၊ ခမောင်းဆိပ်နယ်မြေရဲစခန်းတွေကို ထပ်မံဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဘူးသီးတောင်၊ မောင်တောဒေသမှာ လက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့စစ်ဌာနေအဖွဲ့ သုံးဖွဲ့အပါအဝင် ပြည်သူ့စစ်ဌာနေ ၃၄ ဖွဲ့နဲ့ နယ်မြေဒေသလုံခြုံရေးနဲ့ နယ်စပ်ဒေသလုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းကာ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့များ၊ ဒေသခံများနှင့်ပူးပေါင်းကာ ဘူးသီးတောင်နှင့် မောင်တောဒေသများတွင် နယ်မြေလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသလုံခြုံရေးအတွက်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့များနှင့်အတူ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ လတ်တလောတွင် ပြည်သူ့စစ်ဌာနေအဖွဲ့များ ထပ်မံဖွဲ့စည်းရန်မလိုအပ်သေးကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၅၈၅ ဒသမ ၉၂ မိုင်ကျယ်ဝန်းပြီး ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉၈ အုပ်စု၊ ကျေးရွာပေါင်း ၄၀၅ ရွာဖြင့် ဖွဲ့စည်းထားကြောင်း၊ မောင်တောမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မောင်တောမြို့မရဲစခန်း၊ တောင်ပြို (ဝဲ) နယ်မြေရဲစခန်းများဖြင့် ဖွဲ့စည်းထားကြောင်း၊ မောင်တောမြို့နယ် မြင်းလွှတ်ရဲကင်းစခန်းအား နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန်နှင့် ခမောင်းဆိပ်နယ်မြေရဲစခန်းတစ်ခု တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ နယ်မြေရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် နယ်မြေရဲစခန်း/ရဲကင်းစခန်း ၁၆၅ ခုဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့တွင် ခွင့်ပြုနယ်မြေရဲစခန်း ၁၆ ခုရှိသည့် အနက် ၁၂ ခုဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ နယ်မြေအခြေအနေ လိုအပ်ချက်အရ ကျောက်တန်းရဲကင်းစခန်းအား နယ်မြေရဲစခန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် ရဲတပ်ဖွဲ့အင်အားများ ထပ်မံတိုးမြှင့်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဥပဒေအား ညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့စစ်ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ လုံခြုံရေး၊ နယ်မြေတည်ငြိမ်ရေး၊ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့စစ်ဌာနေအဖွဲ့ ၅၉၆ ဖွဲ့အား ဖွဲ့စည်းထားပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့အား ဖွဲ့စည်းထားရှိကြောင်း၊ ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့အနက် ဗန္ဓုလ၊ တပ်ချောင်း၊ ဝေလာတောင်ကျေးရွာတို့ရှိ ပြည်သူ့စစ်ဌာနေအဖွဲ့သုံးဖွဲ့အား လက်နက်များတပ်ဆင်ပေးထားပြီး လေ့ကျင့်ရေးကျည်များတောင်းခံကာ လေ့ကျင့်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ပြည်သူ့စစ်ဌာနေအဖွဲ့များကိုလည်း ပွင့်လင်းရာသီတွင် မွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

Most Read

Most Recent