တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီတို့ အရေးပေါ် ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်

တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီတို့ အရေးပေါ် ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်
Published 25 January 2018

ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် မန္တလေးရတနာပုံတက္ကသိုလ်ရှိ ကျောင်းသားများ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-သီရိ)

တက္ကသိုလ်ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်ငန်းများသမဂ္ဂဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီတို့ အရေးပေါ်ပူးတွဲ သဘောထားကြေညာချက်အား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါသဘောထားကြေညာချက်ကို ပညာရေးအသုံးစရိတ် မြှင့်တင်ပေးရေး ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂများက ဦးဆောင်ဆင်နွှဲနေသော ဆန္ဒပြပွဲနှင့် ၎င်းဆန္ဒပြပွဲနှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများအစည်းအရုံးနှင့် မန္တလေးတက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂတို့၏ အရေးပေါ်ကြေညာချက်တို့နှင့်ပတ်သက်၍ ယခုကဲ့သို့ သဘောထားကြေညာချက် ပူးတွဲထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

သဘောထားကြေညာချက်၌ နိုင်ငံတော်အစိုးရမှ ပညာရေးအသုံးစရိတ် မြှင့်တင်သုံးစွဲပေးရေး၊ တက္ကသိုလ်များတွင် သင်ထောက်ကူပစ္စည်း ဖြည့်တင်းပေးရေးတို့အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှစတင်၍ ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂများက ဆန္ဒပြပွဲဆင်နွှဲကာ တောင်းဆိုလျက်ရှိကြောင်း ကြားသိရကြောင်း၊ ကျောင်းသားများ၏ တောင်းဆိုချက်များသည် ပညာရေးအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဆရာ၊ ဆရာမများ၏ လူမှုဘဝများ ဂုဏ်သိက္ခာအဆင့်အတန်း မြင့်မားရေးအပေါ် အပြုသဘောဆောင်သည့် တိုးတက်မှုများဖြစ်ပေါ်ရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မည်ဟု ယုံကြည်သည့်အတွက် အပြည့်အဝထောက်ခံကြောင်းနှင့် ကျောင်းသားများအနေဖြင့် ငြိမ်းချမ်းစွာ ၎င်းတို့၏လိုလားချက်များ တောင်းဆိုမှုအပေါ် ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမအစည်းအရုံးနှင့် မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့တို့က အရေးပေါ်ကြေညာချက်အမှတ် ၁/၂၀၁၈ ကိုထုတ်ပြန်ပြီး နိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှစတင်၍ အစဉ်အလာကြီးမားခဲ့သော ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားလူငယ်များ၏ ပုံရိပ်ကိုနှိမ့်ချသည့် ဝေါဟာရအသုံးအနှုန်းများကို အသုံးပြုခဲ့သည်သာမက မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတွင် အမြဲဦးထိပ်ပန်ဆင်ခဲ့ရသော ဆရာ့ဝတ်ငါးဖြာတွင် ဘေးရန်ဆီးကာဆိုသည့် ဆရာများ လိုက်နာစောင့်ထိန်းရမည့်ဝတ္တရားကို မျက်ကွယ်ပြုပြီး ကျောင်းသားများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့သည်ကို တွေ့ရှိရသည့်အတွက် ကောင်းမြတ်သည့်အစဉ်အလာရှိခဲ့သော ဆရာ-တပည့်ဆက်ဆံရေးကို လွန်စွာထိခိုက်သည်ဟု ယုံကြည်မိကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားများ၏ ဒုတိယမိဘများဖြစ်သည်ဟု အလေးအနက်ခံယူသည့်အတွက် ကျောင်းသားများ၏ပုံရိပ်ကို နှိမ့်ချခဲ့သော ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများအစည်းအရုံးနှင့် မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့တို့၏ အရေးပေါ်ကြေညာချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း၊ ၎င်းကြေညာချက်သည် တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြုကော်မတီ (UTA) များနှင့် သက်ဆိုင်ခြင်းမရှိသကဲ့သို့ UTA များ၏ သဘောထားများကိုလည်း ကိုယ်စားပြုခြင်းမရှိကြောင်း ဖော်ပြပါရှိသည်။

အလားတူ ပညာရေး၏အနှစ်သာရသည် နိုင်ငံရေးအရောင်အသွေး၊ ပါတီအရောင်အသွေး၊ ပုဂ္ဂိုလ်အရောင်အသွေးများ၏ လောင်းရိပ်များမှကင်းလွတ်ပြီး လွတ်လပ်စွာရှင်သန်ခြင်းဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများ၏ ပညာရေးဆိုင်ရာ တောင်းဆိုချက်များကို ဖြေရှင်းရာတွင် နိုင်ငံ၏ရှုထောင့်မှ စဉ်းစားပြီးဖြေရှင်းခြင်းမပြုဘဲ ပညာရေး၏အရေးကိစ္စကို ပညာရေးရှုထောင့်မှသာ ဖြေရှင်းရမည်ဖြစ်သည့်အတွက် ရတနာပုံတက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂများ၏ တောင်းဆိုချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ မိန့်ကြားချက်တစ်ခုဖြစ်သည့် စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းအရသာ အလေးအနက် ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

Most Read

Most Recent