EU အဖြေကို စောင့်ကြည့်ရမည့် မြန်မာ့ကုန်သွယ်ခွင့် အနာဂတ်

EU အဖြေကို စောင့်ကြည့်ရမည့် မြန်မာ့ကုန်သွယ်ခွင့် အနာဂတ်
ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ-ဇေယျာငြိမ်း)၊  မူဆယ် ၁၀၅ မိုင်သစ်သီးဝလံဈေးကွက် (ဓာတ်ပုံ-ထွန်းနေလှိုင်)၊ တနင်္သာရီတိုင်းအတွင်းရှိ ပြည်ပပို့ ရေလုပ်ငန်းခွင် (ဓာတ်ပုံ-ဇော်မိုးဦး)
ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ-ဇေယျာငြိမ်း)၊  မူဆယ် ၁၀၅ မိုင်သစ်သီးဝလံဈေးကွက် (ဓာတ်ပုံ-ထွန်းနေလှိုင်)၊ တနင်္သာရီတိုင်းအတွင်းရှိ ပြည်ပပို့ ရေလုပ်ငန်းခွင် (ဓာတ်ပုံ-ဇော်မိုးဦး)
Published 28 October 2018
ဆန်းမိုးထွန်း

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုပြီး ဥရောပသမဂ္ဂ (EU) က ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်လည်ရုပ်သိမ်းသင့်၊ မသင့် လေ့လာရန် မြန်မာနိုင်ငံသို့ ကော်မရှင်စေလွှတ်မည်ဟု ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး စီစီလီယာမယ်လ်စထရွမ်းက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ 

နိုင်ငံ့စီးပွားရေး ကျဆင်းနေချိန်တွင် အီးယူက ဘင်္ဂါလီအရေးကြောင့် မြန်မာအပေါ် ကုန်သွယ်ရေးအရ အရေးယူကောင်းယူနိုင်သည်ဆိုခြင်းက နိုင်ငံအတွက် သတင်းဆိုးဟု ဆိုရမည်ဖြစ်သည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံသို့ ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို၂၀၁၂ ဧပြီတွင် ရပ်ဆိုင်း ပေးခဲ့ပြီး၂၀၁၃ ဧပြီတွင် အပြီးသတ် ဖယ်ရှားခဲ့သည်။

ထို့ပြင် ၂၀၁၃ ဇူလိုင်တွင်မူ မြန်မာ့ကုန်သွယ်ရေးအတွက် အကျိုးများစွာရှိသည့် ဥရောပသမဂ္ဂ ဈေးကွက်သို့ တင်ပို့သော မြန်မာပို့ကုန်များအတွက် အထူးအခွန်သက်သာခွင့် GSP ကို ပြန်လည်ပေးအပ်ခဲ့သည်။  Generalized Scheme of Preferences (GSP) မှာ ဖွံ့ဖြိုးမှုနိမ့်ကျသော (သို့မဟုတ်) ဖွံ့ဖြိုးမှုမရှိသော နိုင်ငံများ၏ ပို့ကုန်များအတွက် အကောက်ခွန်လျှော့ပေါ့ခြင်း (သို့မဟုတ်) လုံးဝကင်းလွတ်ခွင့်ပေးသော အခွင့်အရေးဖြစ်သည်။ 

ကမ္ဘာ့ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ ( United Nation Conference on Trade and Development –UNCTAD) ၏ ကြိုးပမ်းစွမ်းဆောင်ချက်မှ ထွက်ပေါ်လာသည့် GSP ကို ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများကို ကူညီရန်ရည်မှန်းချက် သုံးရပ်ဖြင့် ချမှတ်ဆောင်ရွက်ခဲ့သည်။ 

ယင်းရည်မှန်းချက်သုံးရပ်မှာ  ပြည်ပပို့ကုန် ဝင်ငွေတိုးတက်စေရန်၊  စက်မှုလုပ်ငန်း တိုးတက်စေရန်နှင့်  စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားစေရန်တို့ဖြစ်သည်။  GSP တွင် အကောက်ခွန် ကင်းလွတ်ခွင့် ပြုထားသည့် ပစ္စည်းများမှာ အကြမ်းဖျင်းအားဖြင့် စက်မှု ထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန် ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများတို့ ဖြစ်သည်။ 

နိုင်ငံ ၂၈ ခုဖြင့် ဖွဲ့စည်းထားသည့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို လက်နက်ခဲယမ်းမှအပ မည်သည့် ကုန်ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့် EBA (Everything But Arms) ဖြင့် တင်ပို့နိုင်ရန် ကုန်သွယ်မှု အထူး အခွင့်အရေးပေးခဲ့သည်။ နောက်ပိုင်းတွင် ဥရောပသမဂ္ဂသို့ မြန်မာပို့ ကုန်တင်ပို့မှုသည် မြင့်တက်လာခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၂၀ ဒသမ ၇၀၉ သန်း ရှိခဲ့သည်။ 

ပြီးခဲ့သည့်နှစ်က မြန်မာနှင့် ဥရောပမှ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂတို့ကြား ကုန်သွယ်မှုတွင် ဒေါ်လာ ၂ ဒသမ ၄၁ ဘီလျံရှိခဲ့ပြီး အီးယူသို့တင်ပို့သော မြန်မာ၏ ပို့ကုန်တန်ဖိုး ယူရိုငွေ ၁ ဒသမ ၅ ဘီလျံတွင် ၇၂ ရာ ခိုင်နှုန်းမှာ အထည်ချုပ် ပို့ကုန်များ ဖြစ်သည်။

၂၀၁၇ တွင် မြန်မာ၏အထည်ချုပ်ကုန် ၄၇ ရာခိုင်နှုန်းကို အီးယူက ဝယ်ယူခဲ့သည့်အပြင် အထည်ချုပ် လုပ်ငန်းမှာလည်း ၂၀၁၃ မှ စ၍ GSP အခွန်သက်သာခွင့်ကို ရရှိခဲ့သည့်နောက်ပိုင်း မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းများသို့ အီးယူက အော်ဒါမှာမှု မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

“မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ပထမအော်ဒါမှာ နှစ်ဆတက်တယ်။ မနှစ်တုန်းက ဒေါ်လာ သန်း ၉၀ လောက် ဆိုရင် ဒီနှစ်က ဒေါ်လာ သန်း ၁၈၀ လောက်ရှိတယ်။ နှစ်ဆတောင် နည်းနည်းကျော်ချင်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

မြန်မာနိုင်ငံ၏ အောင်မြင်တိုးတက်နေသော အထည်ချုပ်လုပ်ငန်းများသည် အထူးအခွန် သက်သာခွင့် ရရှိခြင်းကြောင့် လက်ရှိတွင် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ချုပ်ထည်တင်ပို့ ရာ၌ သွင်းကုန်အခွန် ၁၂ ရာခိုင်နှုန်း မှ ၁၇ ရာခိုင်နှုန်း သက်သာခွင့်ရနေသည်။ 



အခွန်သက်သာခွင့်ကြောင့် တရုတ်နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံအချို့မှ အထည်ချုပ်စက်ရုံများ က မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်အချို့က ဆိုသည်။

အီးယူနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် လက်ရှိအတိုင်း ဆက်လက် တည်ရှိနေမည်ဆိုပါက လာမည့်နှစ်များအတွင်း အီးယူ၏ အထည်ချုပ်အော်ဒါ မှာယူမှုမှာ အလားအလာ ကောင်းလာနိုင်သော်လည်း  GSP ရုပ်သိမ်းခဲ့ပါက အထည်ချုပ်လုပ်ငန်းများ သိသိသာသာ ထိခိုက်သွားနိုင်သည်။

၂၀၁၇ တွင် ပြည်ပချုပ်ထည် တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၂ ဘီ လျံရရှိခဲ့ပြီး ၂၀၁၈ တွင် ၂၀ ရာခိုင် နှုန်းထပ်မံတိုးမြင့်နိုင်ရန် အထည်ချုပ်လုပ်ငန်းရှင်များက မျှော်မှန်းနေချိန်တွင် အထူးအခွန်သက်သာခွင့် ဆုံးရှုံးမည့်အရေးကို အထည်ချုပ်လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိကြသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ အထည်ချုပ်လုပ်ငန်းများမှ လူဦးရေ ခုနစ်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးထားသည်။ ရန်ကုန် အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်သူ ငါးသိန်းခန့်ရှိပြီး နယ်များတွင် နှစ်သိန်း ဝန်းကျင်ခန့်ရှိကြောင်း၊ အီးယူက   GSP ကို ရုပ်သိမ်းလိုက်ပါက အလုပ်သမားအများစု အလုပ် လက်မဲ့ဖြစ်သွားနိုင်ကြောင်း လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ 

“ဒီနေ့ အော်ဒါမရ မနက်ဖြန် စက်ရုံက ပိတ်လို့ရတယ်။ အဓိကကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။ ဒါကတော့ တိုင်းပြည်ရဲ့ ကံကြမ္မာပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။ 

နေပြည်တော် သမ္မတအိမ်တော်၌ အောက်တိုဘာ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဥရောပသမဂ္ဂက မြန်မာအပေါ်ပေးထားသည့် GSP (အထူးအခွန် သက်သာခွင့်) များ ပြန်လည်ရုပ်သိမ်းလျှင် အလုပ်သမား သိန်းနှင့်ချီ လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်း အဓိကထိခိုက်မည်ဖြစ်ပြီး ယင်းလုပ်ငန်းကို မှီခိုနေသည့် ပြည်သူများ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း ပြောကြားသည်။ 

“အဓိကက အဲဒီလို  GSP တို့၊ ဘာတို့ ရုပ်သိမ်းသွားမယ်ဆိုရင် အထည်ချုပ်လုပ်ငန်း၊ အဓိက ဒုက္ခရောက်မယ်။ အထည်ချုပ်လုပ်ငန်း ဒုက္ခရောက်ရင် အဲဒါကို မှီခိုနေတဲ့ ဝန်ထမ်းတွေပေါ့နော်။ အထည်ချုပ် လုပ်သားတွေ အဲဒါတွေ အများကြီး အလုပ်လက်မဲ့တွေ ဖြစ်ကုန်မယ်။ နောက်တစ်ချက်က အဲဒါနဲ့ဆက်စပ်ပြီးတော့ ဖြစ်လာမယ့်ဟာတွေက စီးပွားရေးကဏ္ဍ အများကြီး သက်ရောက်မှု ရှိနိုင်တယ်။ ရှိတဲ့အတွက်လည်း ပြည်သူလူထုကို တိုက်ရိုက် ထိခိုက်နစ်နာစေမယ့်ဟာမျိုးတွေသော်လည်းကောင်း၊ သွယ်ဝိုက်ပြီး ထိခိုက်နစ်နာစေမယ့် ဟာတွေသော် လည်းကောင်း မလုပ်ဖို့ ကျွန်တော်တို့ ရှင်းပြနေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။ 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်က နိုင်ငံတကာစံများနှင့်အညီ စုံစမ်းစစ်ဆေးပြီး လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်များအတွက် ထွက်ပေါ်လာမည့် ရလဒ်များအပေါ် မူတည်ပြီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ 

“အဓိက ပိတ်ဆို့အရေးယူမှုတွေက ထိရောက်ခြင်း မထိရောက်ခြင်းပေါ့။ အဓိက ကျွန်တော်တို့ ပြောနေတာက ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုဆိုတာက ပြည်သူလူထု မနစ်နာဖို့လိုတယ်။ အဲဒါလည်း EU နဲ့ပတ်သက်တဲ့ နိုင်ငံတကာ သံတမန်တွေ လို့ ပြောတယ်။ သူတို့လိုလားချက်က အခုနက နှစ်ချက်ပေါ့နော်။ အဲဒီနှစ်ချက်ကို ကျွန်တော်တို့က ဖြေရှင်းဆောင်ရွက်နေတယ်” ဟု ၎င်းက ဆိုသည်။ 

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး (GSP) မရုပ်သိမ်းရေး ညှိနှိုင်းရန် ပြင်ဆင်ထားပြီး ရုပ်သိမ်းခံရပါက အထည်ချုပ်လုပ်ငန်းများအတွက် အခြားဈေးကွက်တင်ပို့နိုင်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာန၏ ၂၀၁၈  ဧပြီမှ စက်တင်ဘာအထိ ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပွဲတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောကြားသည်။ 

“သူတို့ဆီက ကော်မရှင်တွေ ဘာတွေလာမယ်ဆိုတာတော့ ကြားနေတယ်။ ကော်မရှင်လာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်လိုညှိမလဲဒါပဲ။ ကျွန်တော်တို့အပိုင်းမှာ သက်ဆိုင်တဲ့ ဌာနတွေရှိမယ်၊ သက်ဆိုင် တဲ့အသင်းအဖွဲ့ရှိမယ်။ မဖြစ်အောင် ဒါဘယ်လိုညှိနှိုင်းမလဲ။ ကျွန်တော်တို့အပိုင်းမှာ ညှိနှိုင်းလို့ရမယ်။ သူ့ ဟာသူလုပ်တဲ့အပေါ်မှာတော့ ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာ အကြောင်း မရှိဘူး။ ဖြစ်လာရင်လည်း ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ။ အခုနက ပြောသလိုပေါ့။ ဈေးကွက် ဘယ်နေရာတွေကို ရွှေ့မှာလဲ။ အလားအလာ (Potential) ရှိတဲ့ ဈေးကွက်တွေ ရှာနေတယ်။ သက်ဆိုင်ရာ အသင်းအဖွဲ့ကလည်း ရှာနေတယ်။ ကျွန်တော်တို့ အပိုင်းမှာလည်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးရော၊ ကုန်သွယ်ရေးဦးစီးဌာနရော ဘယ်လိုဈေးကွက်တွေဟာ ရှိလာနိုင်လဲ။ အဲဒီဈေးကွက်တွေကို ဘယ်လိုရွှေ့နိုင်မလဲဆိုတာကို ပြင်ဆင်နေကြ တယ်” ဟု ဦးရန်နိုင်ထွန်းက ဆိုသည်။ 

မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ဥရောပနိုင်ငံများသည် အဓိက မကျသည့်အတွက် အီးယူမှ  GSP ရုပ်သိမ်းခြင်းက ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။ 

“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင်ရင်းနှီးမြှုပ်နှံမှုမှာ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နံှမှုက အဓိကမဟုတ်ဘူး။ ဒါက တစ်ချက်။ နောက်တစ်ခုက အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုအချို့ရှိတယ်။ ပြင်သစ်တို့ ယူကေတို့ ဘာလဲဆိုတော့ ရေနံတို့ ဓာတ်ငွေ့တို့လိုဟာမျိုးဒါပဲ။ ရင်းနှီးမြှုပ်နှံမှုထိပ်ပိုင်းကို ပြောရရင် စင်ကာပူ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယား ဒါတွေပဲ။ အာရှက လူတွေပဲ မြန်မာနိုင်ငံမှာ အဓိကမြှုပ်နှံကြတာ” ဟု ဦးသန်းအောင်ကျော်က ဆိုသည်။ 

မြန်မာနိုင်ငံတွင် ၁၉၈၈ တပ်မတော် အစိုးရ တာဝန်ယူပြီးချိန် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စတင် ဖိတ်ခေါ်ခဲ့ချိန်မှစ၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ နှစ်အလိုက် ဝင်ရောက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လေ့လာကြည့်ပါက တရုတ်နိုင်ငံသည် ထိပ်ဆုံးတွင် ရပ်တည်နေသည်။



၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၇၈ ဘီလျံနီးပါးအထိ ဝင်ရောက်မြှုပ်နှံထားသည့်အနက် အများဆုံးရင်းနှီး မြှုပ်နှံသူမှာ တရုတ်နိုင်ငံ ဖြစ်နေသည်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

နိုင်ငံအလိုက် ရပ်တည်မှုတွင် တရုတ်နိုင်ငံက ပထမ၊ စင်ကာပူနိုင်ငံက ဒုတိယ၊ ထိုင်းနိုင်ငံက တတိယ၊ ဟောင်ကောင်က စတုတ္ထနေရာတွင် ရပ်တည်နေကာ ယူကေက ပဉ္စမနေရာတွင် ရှိနေသည်။

မြန်မာနိုင်ငံ၏ ဖြတ်သန်းမှု ကာလတစ်လျှောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် သမ္မတဦးသိန်းစိန် လက်ထက်ဖြစ်သည့် ၂၀၁၁ မှ ၂၀၁၅ ကြားကာလတွင် အမြင့်မားဆုံး ဖြစ်ခဲ့သည်။ 

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အပြိုင် ဥရောပသမဂ္ဂနိုင်ငံများ အပါအဝင် အနောက်နိုင်ငံများ၏ မီးစိမ်းပြမှုကြောင့် တိုင်းပြည်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှုများ စန်းထသော ကာလဖြစ်ခဲ့သည်။ 

သမ္မတဦးသိန်စိန်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော်၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄ ဒသမ ၁ ဘီလျံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ရှစ်ဘီလျံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ ၉ ဒသမ ၅ ဘီလျံအထိ စံချိန်တင်မြင့်တက်ခဲ့သည်။

NLD အစိုးရ လက်ထက်တွင်မူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၆ ဒသမ ၆ ဘီလျံသာရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၅ ဒသမ ၇ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။ ၂၀၁၈ ခြောက်လတာ ကာလနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခြောက်လအတွင်း ဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို နှိုင်းယှဉ်ကြည့်ပါက ဒေါ်လာ ၂ ဒသမ၃ ၇၂ သန်းအထိ လျော့ကျနေသည်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ဒေါ် လာ ၄ ဒသမ ၁၃၇ ဘီလျံအထိ ဝင်ရောက်သေးသည်။

ထိုပြဿနာ၏ အရင်းခံမှာ ရခိုင်ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဖြစ်သည်။ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းမှုပုံစံများအား နိုင်ငံတကာက လက်မခံနိုင်သော အခြေအနေများသည် ရင်း နှီးမြှုပ်နှံမှုကဏ္ဍအထိ ရိုက်ခတ်လာခဲ့ကြသည်။ ဒေသတစ်ခုကို အကြောင်းပြု၍ နိုင်ငံ့စီးပွားရေး (National Economy) ကိုပါ ရိုက်ခတ်လာသော အနေအထားမျိုး ဖြစ်လာသည်ဟု စီးပွားရေးပညာရှင်များက သုံး သပ်ကြသည်။ 

“လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းတရားတွေကြောင့် အနောက်နိုင်ငံက ရင်းနှးမြှုပ်နှံမှုတွေကို မျှော်မှန်းလို့မရတော့ဘူး” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မကြာသေးခင်က ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်း စာအုပ် ထုတ်ပြန်ပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ဘင်္ဂါလီကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားအမျိုးမျိုးကို ခံနေရချိန်တွင် အီးယူက GSP  (အထူးအခွန်သက်သာခွင့်) များ ပြန်လည်ရုပ်သိမ်းမည်ဟု လေသံပစ်လိုက်ခြင်း သည် တစ်ပူပေါ်နှစ်ပူဆင့်လိုက်သည့် အနေအထားမျိုးဖြစ်နေသည်။ 

အီးယူက GSP ရုပ်သိမ်းလိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ၌ အထည်ချုပ်၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ် ငန်းသုံးခုတွင်အခြေအနေ မကောင်းနိုင်ကြောင်း စီးပွားရေးပညာရှင်များ က သုံးသပ်ကြသည်။

“အဓိကကတော့ အီးယူဆီပို့ တဲ့ ပို့ကုန်တော်တော်များများဟာ GSP မရတော့ဘူးဆိုရင်  မြန်မာပြည်က အထည်ချုပ်ရယ်၊ ငါးရယ်၊ စိုက်ပျိုးသီးနှံ တော်တော်များများက တော်တော်လေးကို အခြေအနေမ ကောင်းနိုင်ဘူး”ဟု စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က သုံးသပ်သည်။ 

Ecodev Myanmar မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက “ GSP ရုပ်သိမ်းမှုဟာ အထည်ချုပ်လုပ်ငန်းနဲ့ ရေလုပ်ငန်းအပေါ်မှာ အကြီးအကျယ်ထိခိုက်မှုရှိမှာဖြစ်တယ်။ မြန်မာပြည်စီးပွားရေး ခါးကဖြတ်ရိုက်လိုက်သလို အတော် ထိခိုက်မှာ ဖြစ်တယ်” ဟု ဇွန် ၅ ရက် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ 

အီးယူစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်မည်ဖြစ်ပြီး  ILO ၊ အလုပ်သမားသမဂ္ဂများ၊ စက်ရုံပိုင်ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများအပြင် အစိုးရနှင့်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။ 

“အခု မြန်မာနိုင်ငံကို လာမယ့် အီးယူရဲ့စောင့်ကြည့်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ လူ့အခွင့်အရေးကိစ္စတွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ကိုလည်း သွားစစ်ဆေးတာမျိုးတွေ လုပ်မှာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့လာတာပါ။ မြန်မာအစိုးရဘက်က တုံ့ပြန်ချက်ကို နားထောင်မယ်။ ကျွန်တော်တို့ရဲ့ စိုးရိမ်ချက်တွေအပေါ်မှာ မြန်မာအစိုးရဘက်က ဘာတွေ အရေးယူ ဆောင်ရွက်မလဲ၊ ဒီလို အလေးအနက်ထားရမယ့် စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရဘက်က ဘယ်လို တုံ့ပြန်ဖို့ အစီအစဉ်တွေရှိသလဲဆိုတာ နားလည်အောင် လာရောက် ဆွေးနွေးတဲ့ ခရီးစဉ်ပါ” ဟု မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး ခရစ်ရှန်ရှမစ် (Kristian Schmidt) က ဗွီအိုအေသတင်းဌာနသို့ ပြောကြားထားသည်။ 

လေ့လာရေးခရီးစဉ်ပြီးပါက ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်သို့ ယင်းကိုယ်စားလှယ်အဖွဲ့က အစီရင်ခံစာတင်သွင်းမည်ဖြစ်ပြီး အီးယူကုန်သွယ်မှုကော်မရှင်နာမင်းကြီးက GSP ရုပ်သိမ်း သင့် မသင့် ဆုံးဖြတ် ရန် အချိန်ခြောက်လ စောင့်မည်ဖြစ်သည်။ ယင်းခြောက်လပြီးပါက နောက်ထပ် ခြောက်လတွင် အကဲဖြတ်လေ့ လာမှုများ ထပ်လုပ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် အီးယူ ခေါင်းဆောင်များ၏ ထိပ်သီးအ စည်းအဝေးတွင် သဘောတူညီချက်ရရန် တင်သွင်းမည်ဖြစ်သည်။

“ပထမအနေနဲ့ ပြောချင်တာက ကျွန်တော်တို့ဘက်က ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ အီးယူရဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီက အခြေအနေအမှန်ကို သိအောင်လာစုံစမ်းတာဖြစ်ပါတယ်။ ဘယ်လို ဆုံးဖြတ်ချက်ပဲချချ၊ အကြောင်းကိစ္စမျိုးစုံကို ဆုံးဖြတ်မယ့် သူတွေအနေနဲ့ ထည့်သွင်းစဉ်းစား မှာဖြစ်ပါတယ်။ ကျွန်တော်ပထမဖြေချင်တာ ကျွန်တော်တို့ သေသေချာချာကို စဉ်းစားပြီးမှ ဆုံးဖြတ်မယ် ဆိုတာပါ” ဟု  ဥရောပသံအမတ်ကြီး ခရစ်ရှန်ရှမစ် (Kristian Schmidt) က ဆိုသည်။ 

မြန်မာနိုင်ငံအပေါ် အီးယူ၏ GSP  ရုပ်သိမ်းရန် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအရ ယခုလာရောက်မည့် အီးယူမှ စောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းသည် အစိုးရအတွက် ပထဦးဆုံးသော စိန်ခေါ်မှုပင် ဖြစ်သည်။ 

အစိုးရအနေဖြင့် ကိုယ်စားလှယ်အဖွဲ့အား လက်ရှိကြုံတွေ့နေရသည့် နိုင်ငံ၏ အခက်အခဲနှင့်  GSP ရုပ်သိမ်းပါက ထပ်မံကြုံတွေ့ရမည့် စီးပွားရေးအခက်အခဲများကို အကျေအလည် ဆွေးနွေးနိုင်မှသာလျှင် အခြေအနေကောင်းနိုင်လိမ့်မည်ဟု သုံးသပ်မှုများ ရှိနေသည်။ 

မြန်မာနိုင်ငံ၏ အခြေခံအလုပ်သမားအများစုကို အလုပ်အကိုင် အခွင့်အလမ်းပေးထားနိုင်သည့် အ ထည်ချုပ်လုပ်ငန်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၏ အသက်သည်  GSP (အထူးအခွန်သက်သာခွင့်) ရုပ်သိမ်းခြင်း မသိမ်းခြင်းအပေါ် တွင် များစွာမူတည်နေသည့်အတွက်  အီးယူမှ မည်သို့ဆုံးဖြတ်မည်ကို အစိုးရနှင့် ပြည်သူများက ရင်တမမဖြင့် စောင့်ကြည့်ရတော့မည်ဖြစ်သည်။ 

“အစိုးရအနေနဲ့ ဒီကိစ္စကို ဒီလိုမလုပ်ဖို့ကို အီးယူနဲ့ ဆွေးနွေးသင့်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ ခုန ကပြောတဲ့ အထည်ချုပ်ရော၊ ငါးကဏ္ဍရော၊ ကောက်ပဲသီးနှံကဏ္ဍက လူတွေအကုန်လုံးရဲ့ အချက်အလက်တွေကို ရှာပြီး ကျွန်တော်တို့ နိုင်ငံကို ဒီလိုလုပ်ခြင်းအားဖြင့် ဒီလူတွေ ဒုက္ခ တော်တော်ရောက်မယ်ဆိုတဲ့ဟာကို အဲဒီ စာရွက်ကို ကိုင်ထားသင့်တယ်။ အစိုးရအနေနဲ့ အဲဒါကိုကိုင်ထားပြီး မှ အီးယူကို ပြန်ပြီး ခင်ဗျားတို့ ဒီလို လုပ်ရင် အလုပ်လက်မဲ့တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံရေးအရ ဒီမိုကရေစီ အပြောင်း အလဲမှာ ဒီလိုလုပ်တာဟာ အစိုးရအတွက်လည်း ပုံရိပ်ကျနိုင်တယ်။ ဒါမျိုးကို အစိုးရက အီးယူနဲ့ တိုက်ရိုက်ပြောသင့်တယ်” ဟု စီးပွား ရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ) က ဆိုသည်။