ထီးချိုင့်မြို့နှင့် သပိတ်ကျင်းမြို့နယ်ရှိ မြေနီဖုံးလွှမ်းခဲ့သော လယ်ယာမြေဧက ၄၀၀ ကျော်အတွက် တောင်သူများ တောင်းဆိုထားသည့် လျော်ကြေးငွေကို တကောင်းနီကယ်စက်ရုံက မပေးနိုင်ဟုဆို

ထီးချိုင့်မြို့နှင့် သပိတ်ကျင်းမြို့နယ်ရှိ မြေနီဖုံးလွှမ်းခဲ့သော လယ်ယာမြေဧက ၄၀၀ ကျော်အတွက် တောင်သူများ တောင်းဆိုထားသည့် လျော်ကြေးငွေကို တကောင်းနီကယ်စက်ရုံက မပေးနိုင်ဟုဆို
Published 28 December 2017

ဓာတ်ပုံ - လှမြင့် (ထီးချိုင့်)

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မြေနီဖုံးလွှမ်းခံရသော လယ်ယာမြေ ဧက ၄၀၀ ကျော်အတွက် တောင်သူများတောင်း ဆိုထားသည့် လျော်ကြေးငွေကို တကောင်းနီကယ်စက်ရုံက မပေးနိုင်ကြောင်း ထီးချိုင့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်သည့်အဖွဲ့သည် တကောင်းနီကယ်စက်ရုံမှ တာဝန်ရှိသူများနှင့် စက်ရုံအတွင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ တောင်သူများသည် မြေနီဖုံးလွှမ်းခံ တစ်ဧကလျှင် လျော်ကြေးငွေကျပ်သိန်း ၃၀ နီးပါးရလိုကြောင်း၊ တကောင်းနီကယ်စက်ရုံက အဆိုပါ တောင်းဆိုမှုကို မပေးနိုင်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“တောင်သူတွေဘက်ကတော့ တစ်ဧကကို လျော်ကြေးကျပ်သိန်း ၃၀ လောက်ရချင်တယ်။ ကုမ္ပဏီကပေးတဲ့ လျော်ကြေးက တစ်ဧကကို တစ်သိန်းကျော်လောက်ပဲ ပေးချင်တယ် ပြောတယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေက ကိုယ်တိုင်ကကြားကနေ ဟိုဘက်ဒီဘက် မျှမျှတတဖြစ်အောင် တစ်ဧကကို ၁၀ သိန်းကနေ ၁၅ သိန်းကြားကို လျော်ကြေးငွေပေးဖို့ ကုမ္ပဏီကို တိုက်တွန်းတော့လည်း ကုမ္ပဏီက လက်မခံဘူး။ လောလောဆယ်မှာတော့ ဒေသခံတွေက အရမ်းဆူပွက်နေတယ်။ ဆန္ဒပြချင်တာတို့ သပိတ်စခန်း ဖွင့်ချင်တာတို့ ဒီလိုတွေ ဖြစ်နေတာပေါ့။ ကုမ္ပဏီဘက်ကတော့ ဒေသခံတွေရဲ့အသံကို ယူပြီးတော့ အထက်ကို တင်ပြသွားမယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ပြည်သူတွေရဲ့ ကိုယ်စားဖြစ်တဲ့ အတွက်ကြောင့် ကုမ္ပဏီဘက်က ပေးမယ်ဆိုတဲ့ လျော်ကြေးငွေကို ကျေနပ်မှု မရှိပါဘူး။ သူတို့ပေးတဲ့ တစ်သိန်းခွဲဟာ အင်မတန်မှ နည်းလွန်းပါတယ်။ ကျွန်တော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တင်ပြသွားမှာပါ” ဟု ထီးချိုင့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က ပြောကြားသည်။

ဓာတ်ပုံ - လှမြင့် (ထီးချိုင့်)

ထီးချိုင့်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ မြေနီဖုံးလွှမ်းခံရသည့် လယ်ယာမြေဧက ၄၀၀ ကျော်အတွက် တောင်သူများ တောင်းဆိုထားသည့် လျော်ကြေးငွေကို တကောင်းနီကယ်စက်ရုံ အနေဖြင့် ပေးအပ်သင့်ကြောင်း၊ အဖွဲ့အစည်းပေါင်းစုံက ထောက်ခံလက်မှတ် ရေးထိုးထားကြောင်း၊ မြေနီဖုံးလွှမ်းခြင်း ခံခဲ့ရသည့် လယ်ယာမြေများသည် သုံးနှစ်ဆက်တိုက် မြေနီများဖုံးလွှမ်းခြင်း ခံခဲ့ရသည့် အတွက် ယနေ့အထိ အဆိုပါ မြေယာများပေါ်တွင် စိုက်ပျိုးလုပ်ကိုင်မှု မရရှိသေးကြောင်း သိရသည်။

“မြေနီဖုံးလွှမ်းခံရတဲ့အုပ်စုက သုံးအုပ်စုရှိတယ်။ လယ်ယာမြေဧက လေးရာကျော်မှာ သုံးနှစ်ဆက်တိုက် မြေနီဖုံးလွှမ်း ခံခဲ့ရတယ်။ ကုမ္ပဏီနဲ့ လူကြီးတွေ ညှိနေတာတောင် အဆင်မပြေမှုတွေ ဖြစ်နေတာ။ ကုမ္ပဏီ ဘက်ကတော့ မြေနီဖုံးလွှမ်းခဲ့တဲ့ လယ်ယာမြေတွေကို လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးပဲ လျော်ချင်နေတယ်လို့ ပြောတယ်။ သူတို့ဆွေးနွေးနေတာကို ကျွန်တော်တို့ တောင်သူတွေက အတွင်းထဲ မဝင်ရဘူး။ နှစ်ရက်ရှိပြီ။ အတွင်းထဲကို မဝင်ရဘူး။ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းပေါင်းစုံက လျော်သင့်ပါတယ်လို့ အကုန်လုံးက လက်မှတ်ထိုးပေးထားပြီးပါပြီ။ ဒါကိုကုမ္ပဏီဘက်က တောင်သူတွေ တောင်းထားတဲ့ လျော်ကြေးငွေ နှုန်းထားကို မလျော်ချင်ဘူး ဖြစ်နေတာ” ဟု ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးလှမြင့်က ပြောကြားသည်။

တကောင်းနီကယ်စက်ရုံမှ စွန့်ပစ်မြေနီများသည် သုံးနှစ်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေများနှင့်အတူ စိုက်ပျိုးမြေများပေါ်သို့ ကျရောက်ခဲ့ကြောင်း၊ ထီးချိုင့်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် အတွင်းရှိ လယ်ယာမြေဧက ၄၅၆ ဒသမ ၆၆ ဧကမှာ မြေနီများ ဖုံးလွှမ်းခဲ့ကြောင်း သိရသည်။ ကောင်းခန့်လင်း

Most Read

Most Recent