ပထမအကြိမ်လွှတ်တော်၊ အခြေခံဥပဒေပြင်ရေးနှင့် ကော်မတီများ

ပထမအကြိမ်လွှတ်တော်၊ အခြေခံဥပဒေပြင်ရေးနှင့် ကော်မတီများ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းဝေး ကျင်းပစဉ် (ဓာတ်ပုံ-စည်သူ)
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းဝေး ကျင်းပစဉ် (ဓာတ်ပုံ-စည်သူ)
Published 27 October 2018
ဒေါက်တာရန်မျိုးသိမ်း

 

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ အဓိကဦးတည်ချက်တစ်ရပ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော်သက်တမ်း ထက်ဝက်ကျော်ကုန်လွန်ပြီးချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဦးတည်ချက်ကို ဗျူဟာမြောက်ချဉ်းကပ်၊ ဖော်ဆောင်နိုင်ရန် အာဏာရပါတီအနေဖြင့် လွှတ်တော်တွင်း ခြေလှမ်းများအစပြုနိုင်ရေး အဆောတလျင် ရှေးရှု၊ ပြင်ဆင်သင့်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် ပြင်ဆင်မည့်ခြေလှမ်းသည် ၂၀၁၃ ခုနှစ်တွင် အစပြုခဲ့သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ သို့မဟုတ် ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက် ၂၀၁၃ ခုနှစ် မတ် ၁၅ ရက်တွင် အရေးကြီးအဆိုအဖြစ် အစပြုတင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ၂၀၁၃ ခုနှစ် မတ် ၁၈ ရက်တွင် အဆိုနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုလွှတ်တော်နာယကထံ သဝဏ်လွှာပေးပို့ ခဲ့ပြီး မတ် ၂၀ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် အဆိုကို ပြည်ထောင်စုလွှတ်တော်၌ လက်ခံဆောင်ရွက်ရန် ကန့်ကွက်သူမရှိဆုံးဖြတ်ခဲ့သည်။ ဇွန် ၂၅ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အကြံပြုချက်များကို ပေးပို့ကြပါရန် တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၁၀၉ ဦး ပါဝင်လျက်ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် နိုင်ငံရေးပါတီများအလိုက် လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျပါဝင်ခဲ့ပြီး အာဏာရပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) ၏ လွှတ်တော်ကိုယ်စားလှယ် ၅၂ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးတို့ ပါဝင်ခဲ့သည်။ ကော်မတီ၏အစီရင်ခံစာ ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန်အဆိုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန်ဆုံးဖြတ်၊ အတည်ပြုခဲ့သောနေ့မှ စတင်ရေတွက်မည်ဆိုလျှင် ၁၂၇ ရက်ပြည့်မြောက်သောနေ့တွင် ကော်မတီကို ဖွဲ့စည်း အတည်ပြုခဲ့သည်။ ကော်မတီဖွဲ့စည်းသည့် ခြေလှမ်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အချိန်ဆွဲမည့် ခြေလှမ်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။ အကယ်စင်စစ် ပြည်ထောင်စုလွှတ်တော်အနေဖြင့် လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထက် ပြင်ဆင်ရေးပူးပေါင်း ကော်မတီကို စတင်ဖွဲ့စည်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အဆောတလျင် ဆောင်ရွက်သင့်သည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။

ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင် နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့အပေါ် လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ပေးပို့နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက သတင်းထုတ်ပြန်ခဲ့ပြီး အကြံပြုချက် ၂၈၂၄၇ စောင်နှင့် စုစုပေါင်းအကြံပြုချက်ပေါင်း ၃၂၃၁၁၀ ကို လက်ခံရရှိခဲ့သည်ဟု ကော်မတီအနေဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အကြံပြုချက်အများစုသည် အခန်း (၁) နိုင်ငံတော် အခြေခံမူများနှင့် အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းပါ ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်ရေးနှင့် ဆက်စပ်နေသည်ကို ကြည့်မည်ဆိုလျှင် ၂၀၁၃ ခုနှစ်ကတည်းက အခန်း (၁) နှင့် အခန်း (၁၂) တို့သည် အခြေခံဥပဒေပြင်ဆင်ရေး၏ ဗဟိုချက်ဖြစ်ခဲ့သည်ဟု မှတ်ချက်ပြုနိုင်သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များအကြား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့်စပ်လျဉ်း၍ သဘောတူညီနိုင်သည့် အချက်များကို ဦးစားပေးထည့်သွင်း၍ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိခဲ့လင့်ကစား ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား မဲခွဲအဆုံးအဖြတ်ပြုခဲ့သည့်  အပြီးသတ်ရလဒ်များအရ ပြန်လည်ဆန်းစစ် ချိန်ထိုးကြည့်မည်ဆိုလျှင် ခရီးမပေါက်၊ မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်ခဲ့သည်ဟုကောက်ချက်ပြုရမည် ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ် ၂၀ ရက်မှစ၍ ရေတွက်မည်ဆိုလျှင် ရက်ပေါင်း ၃၂၀ ပြည့်မြောက်သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါဝင်ခဲ့ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ကိုးဦးကို ကော်မတီအစည်းအဝေးများတွင် တက်ရောက်၊ အကြံပြု၊ ဆွေးနွေးခွင့်ပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီသည် ဒုတိယမြောက်ကော်မတီဖြစ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းရေးဆွဲနိုင်ရန် ဦးတည်ချက်ထားခဲ့သည်ကို တွေ့ရှိရသည်။ ကော်မတီသည် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ အစည်းအဝေး ၄၆ ကြိမ် ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် ကနဦးအစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြည်ထောင် စုလွှတ်တော်၌ အစီရင်ခံတင်ပြခဲ့သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ကော်မတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာ (အပြည့်အစုံ) ကို ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းခဲ့သည်။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းအတောအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ခရီးရှည်သည် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ၅၈၁ ရက် မြောက်ခဲ့ပြီ ဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာကို အဓိကအားဖြင့် မူလအတိုင်းထားရှိရန် စဉ်းစားသင့်သည့်အခန်းနှင့် ပုဒ်မများ၊ ပြင်ဆင်ရန်စဉ်းစားသင့်သည့် အခန်းနှင့်ပုဒ်မများဟု အပိုင်းကဏ္ဍ နှစ်ရပ်ခွဲခြားပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပုဒ်မပေါင်း ၄၅၇ ခုရှိပြီး ကော်မတီသည် ပုဒ်မပေါင်း ၂၁၀ နှင့် နောက်ဆက်တွဲ ဇယား (၅) ရပ်မှ အပိုဒ် ၂၃ ခုတို့ကို ပြင်ဆင်နိုင်ရန် စဉ်းစားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။ ရက်ပေါင်း ၆၀၀ နီးပါးကြာမြင့်သည့်တိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၃၃၊ ပုဒ်မ ၄၃၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းနိုင်ခြင်း မရှိခဲ့ပေ။

ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအဆိုကို တင်သွင်းခဲ့သည့် ၂၀၁၃ ခုနှစ် မတ် ၁၅ ရက်မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပြီးစီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်အထိ ကာလကို တွက်စစ်မည်ဆိုလျှင် ရက်ပေါင်း ၆၀၀ ကျော် (၆၀၈ ရက်) ကြာမြင့်ခဲ့သည်။ ရက်ပေါင်း ၆၀၀ ကျော်ကြာသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခြေလှမ်းမစနိုင်ဖြစ်ခဲ့သည်မှာ ဗျူဟာမြောက် အချိန်ဆွဲခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းတွင် ရက်ပေါင်း ၆၀၀ ကျော် အချိန်ယူဆွေးနွေး၊ ပြင်ဆင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးချက်များ၊ အစီရင်ခံစာများကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းအတောအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်၌ ထိထိရောက်ရောက် အကျိုးရှိရှိ အကိုးအကားပြုနိုင်ရေး ဦးတည်လျက် လွှတ်တော်များအနေဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ ပြန်လည်စတင်မည့် အစည်းအဝေးများမှာ လိုအပ်သောကော်မတီများဖွဲ့စည်း၍ အမြော်အမြင်ရှိရှိ အဆောတလျင် ဖော်ဆောင်သင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။