ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ခွင့်ပြုထားသည့် သတ်မှတ်နေရာတွင်သာ ပြုလုပ်ရန် RCSS/SSA ထံ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အကြောင်းကြား

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ခွင့်ပြုထားသည့် သတ်မှတ်နေရာတွင်သာ ပြုလုပ်ရန် RCSS/SSA ထံ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အကြောင်းကြား
Published 21 December 2017

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ခွင့်ပြုထားသည့် သတ်မှတ်နေရာတွင်သာပြုလုပ်ရန် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးထံ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဒီဇင်ဘာ ၁၉ ရက်တွင် အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (RCSS/SSA) ၏ ကြိုတင်ပြင်ဆင်သည့်အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အဓိကရည်ညွှန်းထားကြောင်း သိရသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား ရှမ်းပြည်နယ် လင်းခေးမြို့၌ပြုလုပ်ရန် သဘောတူဆုံးဖြတ်ထားကြောင်း၊ တောင်ကြီးမြို့တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ၏ ဦးဆောင်မှုဖြင့် ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအကြို ဆွေးနွေးပွဲအား ကဏ္ဍအလိုက် ခေါင်းစဉ်ငါးခုဖြင့် ပြုလုပ်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုထားသော သတ်မှတ်နေရာတွင်သာ ပြုလုပ်ရန် အကြောင်းကြားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စာပေးပို့မှုနှင့်ပတ်သက်၍ RCSS/SSA ၏ တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီးစိုင်းဦးထံ ဆက်သွယ်ရာတွင် ဖုန်းကိုင်ဆောင်ခြင်းမရှိ၍ မေးမြန်းနိုင်ခြင်း မရှိပေ။

လက်ရှိတွင် RCSS/SSA ၊ ရှမ်းနိုင်ငံရေး ပါတီများနှင့် ရှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ငါးဖွဲ့သည် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်နယ်ပြင်ပရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည်သူလူထု၏ သဘောထားများရယူသော လူထုတွေ့ဆုံပွဲများအား လိုက်လံပြုလုပ်လျက်ရှိသည်။

“နောက်ကျလို့ရှိရင် လုပ်လို့ရှိရင် လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဖို့ပေါ့လေ။ အဲဒါကိုပဲ။ ကန့်ကွက်တာလည်း မဟုတ်ဘူး။ မလုပ်ပါနဲ့လို့လည်းမပြောဘူး။ လုပ်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပါလို့ပဲပြောလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အခု လောလောဆယ် လုပ်နေတာတွေက လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်နေတာပေါ့လေ။ ကျွန်တော်တို့က ဒီအတိုင်းပဲ ဆက်လုပ်သွား မှာပေါ့။ ကျွန်တော်ထင်တာပေါ့။ တိုင်းမှူးရဲ့ နားလည်မှုလွဲတာလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူထင်တာက ကျွန်တော်တို့လုပ်နေတာတွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ND) လုပ်နေတယ်ထင်နေတာ။ တကယ်တမ်းကျတော့ မဟုတ်သေးဘူး။ အကြိုပဲရှိသေးတယ်။ ဆိုလိုတာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် လူများများသိအောင်။ ND ကောင်းကောင်း လုပ်နိုင်အောင်ဆိုတဲ့သဘောနဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်တာပေါ့။ ဒီတော့သူက ND နဲ့ လူထုတွေ့ဆုံပွဲနဲ့ရောနေတယ်။ ကျွန်တော် ထင်တာကတော့လေ။ အဲဒီလိုဖြစ်တယ်လို့ ကျွန်တော်ကတော့မြင်တာပေါ့။ နားလည်မှု လွဲတယ်လို့ပဲမြင်တာပေါ့။ တခြားနေရာတွေမှာ ND လုပ်တာ မဟုတ်ဘဲနဲ့ အကြိုဆွေးနွေးပွဲအတွက်ပဲ လုပ်တယ်ဆိုတာ သူ အဲဒါ သိပ်နားမလည်ဘူး ထင်တယ်” ဟု RCSS/SSA အဖွဲ့ မှ ရှမ်းပြည်နယ်အရှေ့ပိုင်း လူထုတွေ့ဆုံပွဲ တာဝန်ခံ စိုင်းလျန်းက ပြောကြားသည်။

ထို့အတူ ဒီဇင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထု တွေ့ဆုံပွဲပြုလုပ်ရာတွင် တပ်မတော်က လာရောက် ဟန့်တားခဲ့သည့်အတွက် မကျင်းပနိုင်ခဲ့ဘဲ လက်ရှိတွင်မူ ရှမ်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပင်လုံတွင် လူထု တွေ့ဆုံပွဲပြုလုပ်ရန် ခွင့်ပြုချက်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဆင်ပြေသွားပြီလို့ ပြောလို့ရမှာပေါ့။ ဒါပေမဲ့ အခုထက်ထိတော့ မသိသေးဘူး။ ထွေအုပ်ကတော့ ခွင့်ပြုတယ်ဆိုပေမဲ့လည်း တပ်က ဘယ်လိုလာပြီး ဟန့်တားဦးမယ်ဆိုတာ ကျွန်တော်တို့မသိသေးဘူး။ ပင်လုံမှာ လုပ်ဖို့ ရှိပါတယ်။ တခြားနေရာမှာ လုပ်နေတုန်းဆိုတော့ အဲဒီကိုပြန်မရောက်သေးဘူး။ လုပ်မှာပါ” ဟု စိုင်းလျန်းက ပြောကြားသည်။

ရှမ်းပြည်နယ်တွင် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့လည်း ရှိနေသေးသောကြောင့် နိုင်ငံရေးဆွေးနွေးပွဲများအား ကန့်သတ်နေသည့်သဘောရှိကြောင်း တိုင်းရင်းသားအရေးလေ့လာသူအချို့က သုံးသပ်ကြသည်။

တပ်မတော်နှင့် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပမည့်နေရာ အငြင်းပွားနေမှုအပေါ် နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ် လင်းခေးမြို့၌ ပြုလုပ်ရန် သဘောတူဆုံးဖြတ်ထားခြင်းဖြစ်သည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပခွင့်အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး မတိုင်မီကပင် ခွင့်ပြုထားသော်လည်း ဆွေးနွေးပွဲကျင်းပမည့် နေရာအား တပ်မတော်ဘက်မှ မိုင်းပန်မြို့၊ မုံးထော်၊ မုံးထမြို့၊ နမ့်ပန်ခွန်မြို့တို့တွင်သာ ကျင်းပရန် ထောက်ခံခဲ့ပြီး RCSS/SSA က တောင်ကြီးမြို့ (သို့မဟုတ်) ပင်လုံမြို့တွင် ကျင်းပခွင့်ပေးရန် တောင်းဆိုခဲ့သဖြင့် အငြင်းပွားခဲ့သည်။

Most Read

Most Recent