နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် UNFC ကမ်းလှမ်းထားမှု တစ်ပတ်ကျော်သည်အထိ အကြောင်းပြန်ကြားခြင်းမရှိသေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် UNFC ကမ်းလှမ်းထားမှု တစ်ပတ်ကျော်သည်အထိ အကြောင်းပြန်ကြားခြင်းမရှိသေး
Published 20 December 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ကမ်းလှမ်းထားမှုမှာ တစ်ပတ်ကျော်လာသည့်အချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ဒီဇင်ဘာ ၁၀ ရက်က စာဖြင့်ကမ်းလှမ်းထားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်ညပိုင်းအထိ အကြောင်းပြန်ကြားခြင်းမရှိသေးခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်တွေ့ဖြစ်ပါက UNFC အဖွဲ့၏အဆိုပြုချက်များထဲက ဆွေးနွေးရန်ကျန်ရှိနေသေးသည့် အချက်များကို ဆက်လက်ညှိနှိုင်းအဖြေရှာသွားရန်ဖြစ်သည်ဟု ဦးထွန်းဇော်က ပြောကြားသည်။

“အစိုးရဘက်က ဘယ်နေ့ဘယ်အချိန်ဆိုတာ အဖြေမပေးသေးပါဘူး။ နှစ်ဖက်ခေါင်းဆောင်များတွေ့ဖြစ်ရင်လည်း ဆွေးနွေးရန် ကျန်ရှိနေသေးတဲ့အချက်များအတွက် ဆက်လက်ညှိနှိုင်းအဖြေရှာသွားဖို့ ဖြစ်ပါတယ်” ဟု ဦးထွန်းဇော်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များတွေ့ဆုံ၍ ကျန်ရှိသောအချက်များ အဖြေရှာနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၁ ရက်တွင် UNFC က သဘောထားထုတ်ပြန်ထားသည်။

UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှာ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

Most Read

Most Recent