ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်းသွားလာခြင်းနှင့် ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်တွင် အတည်ပြုနိုင်ရန် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေဟု ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်းသွားလာခြင်းနှင့် ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်တွင် အတည်ပြုနိုင်ရန် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နေဟု ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား
Published 19 December 2017

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနား၌ ဒုတိယသမ္မတ ဦးမြင့်ဆွေ အမှာစကား ပြောကြားနေစဉ်

ဘေးကင်းလုံခြုံပြီး စနစ်ကျသည့် တရားဝင်ရွှေ့ပြောင်းသွားလာခြင်းနှင့် ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်တွင် အတည်ပြုချမှတ်နိုင်ရန် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော် MICC 2 တွင်ပြုလုပ်သည့် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားတွင် ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။

“ဘေးကင်းလုံခြုံပြီး စနစ်ကျတဲ့ တရားဝင်ရွှေ့ပြောင်းသွားလာခြင်းနှင့်စပ်လျဉ်းတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်မှာ အတည်ပြုချမှတ်နိုင်ဖို့အတွက်လည်း မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ဘေးကင်းလုံခြုံပြီး တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် အထောက်အပံ့ဖြစ်စေမယ့် အကြောင်းအရာအချက်အလက်များနှင့် အပြုသဘော အကြံပြုချက်များအတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ကောင်းမွန်တဲ့အကြံပြုချက်များရရှိထားတာကြောင့် သဘောတူညီချက်အတည်ပြုချမှတ်ဖို့ ဦးဆောင်ပါဝင်ဆွေးနွေးနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအတည်ပြုချက်တွေကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

၎င်းက ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်ပြီး ဒေသတွင်းနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၀၉ ခုနှစ်တွင် စတင်ရေးဆွဲခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ ကိစ္စရပ်များကို အလေးထားကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် မူဘောင်တစ်ရပ် တည်ထောင်ရန်ရည်ရွယ်ပြီး အာဆီယံသဘောတူညီချက်ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လူမှုရေးကာကွယ်စောင့်ရှောက်မှု၊ တရားမျှတမှု၊ လူသားဆန်မှုနှင့်မျှတစွာဆက်ဆံမှုရရှိနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် လုပ်ဆောင်နေကြောင်း ပြောကြားသည်။

ထို့ပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “ရွှေ့ပြောင်းမှု စီမံခန့်ခွဲရေးဆိုင်ရာ အဓိကကျတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားအဆင့်လုပ်ငန်းစီမံကိန်း (၂၀၁၈-၂၀၂၂) ကို ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အပါအဝင် ဆက်စပ်ဝန်ကြီးဌာနတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲနေပါတယ်။ ဘယ်အဆင့်အထိသွားမလဲ၊ ဘယ်အဆင့်ထိ ဦးစားပေးလုပ်မလဲ ဆိုတာရေးဆွဲနေပါတယ်” ဟုပြောကြားသည်။

အာဆီယံဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၆ ဒသမ ၅ သန်းရှိပြီး မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများသည် ဒေသအတွင်း အဓိကရွှေ့ပြောင်းသွားလာကြသည့် နေရာများဖြစ်ပြီး ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကာလအတွင်း ဒေသအတွင်း ရွှေ့ပြောင်းသွားလာခြင်းမှာ သိသိသာသာ မြင့်မားလာကြောင်း သိရသည်။

Most Read

Most Recent