ငပလီကမ်းခြေ Public Area အတွင်း ကျူးကျော်ဈေးဆိုင်ခန်းများ ဒီဇင်ဘာ ၃၀ ရက် နောက်ဆံုံးထား အပြီးသတ်ဖယ်ရှားပေးရန် ဒုတိယအကြိမ် အသိပေးထုတ်ပြန်

ငပလီကမ်းခြေ Public Area အတွင်း ကျူးကျော်ဈေးဆိုင်ခန်းများ ဒီဇင်ဘာ ၃၀ ရက် နောက်ဆံုံးထား အပြီးသတ်ဖယ်ရှားပေးရန် ဒုတိယအကြိမ် အသိပေးထုတ်ပြန်
Published 17 December 2017

ငပလီကမ်းခြေတစ်နေရာကို တွေ့ရစဉ်

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် ငပလီကမ်းခြေ Public Area အတွင်း ကျူးကျော်ဈေးဆိုင်ခန်းများကို ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား အပြီးသတ်ဖယ်ရှားပေးရန် ဒုတိယအကြိမ် အသိပေးစာ ထုတ်ပြန်လိုက်ကြောင်း ငပလီမြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် အတွင်းရှိ ငပလီကမ်းခြေ Public မြေဧရိယာမှာ လူအများဆုံး ဝင်ထွက်သွားလာ အနားယူ အပန်းဖြေသည့် နေရာဖြစ်ပြီး မြေဧရိယာမှာ ၁၈၅ç၉၅ ပေရှိ အများပိုင်မြေကွက်တွင် ကျူးကျော်ဆောက်လုပ်ထားသည့် စားသောက်ဆိုင်၊ ကုန်စုံဆိုင် အပါအဝင် ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်း ၂၀ ကျော်ရှိပြီး ၎င်းဆိုင်ခန်းများအား ဖျက်သိမ်းဖယ်ရှားပေးရန် ရခိုင်ပြည်နယ် မြေယာစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အရ ပထမအကြိမ်အဖြစ် နိုဝင်ဘာ ၁၉ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၇ ရက်တွင် ဒုတိယအကြိမ် ဖယ်ရှားပေးရန် ငပလီမြို့ အုပ်ချူပ်ရေးမှူးမှ ထပ်ဆင့်အမိန့်စာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒုတိယအကြိမ် ထုတ်ပြန်ထားတယ်။ ဒုတိယအကြိမ် ထုတ်ပြန်လို့ မဖယ်ပေးဘူးဆိုရင် တတိယအကြိမ် ထုတ်ပြန်မယ်။ တတိယအကြိမ် ထုတ်ပြန်လို့လည်း မဖယ်ပေးဘူးဆိုရင် အထက်ဌာနတွေကို ကျွန်တော်တို့က ဆင့်ကဲဆင့်ကဲ ပြန်တင်ပြမယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ဥပဒေအတိုင်း လုပ်ရမှာပေါ့။ အခုက ကျွန်တော်တို့ ဒုတိယအကြိမ် ထုတ်ပြန်ထားတယ်” ဟု ငပလီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောကြားသည်။

ထိုသို့ ငပလီကမ်းခြေရှိ အများပိုင်မြေဧရိယာအတွင်း ဈေးဆိုင်ခန်းများ ဆောက်လုပ်ငှားရမ်း ရောင်းစားထားမှုအပေါ် အရေးယူပေးရန်နှင့် ဈေးဆိုင်ခန်းများ ဖျက်သိမ်းပေးရေး အတွက်လည်း ဒေသခံ ၇၀ ကျော်က  ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုမှုတစ်ကြိမ် ပြုလုပ်ခဲ့သဖြင့် ရခိုင်ပြည်နယ် မြေယာစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အရ ဆိုင်ခန်းများအား ဖယ်ရှားပေးရန် အသိပေးစာ ထုတ်ပြန်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ယနေ့အချိန်အထိ ဖယ်ရှားပေးခြင်း မရှိသည့်အတွက် Public Area နှင့်ပတ်သက်၍ ဒီဇင်ဘာ ၇ ရက်က စစ်တွေမြို့ မြတည်းခိုခန်းတွင် မီဒီ ယာများနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သံတွဲခရိုင် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌက ပြောကြားသည်။

“အခုကတော့ ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ဒုတိယအကြိမ် ဒီ Public Area နဲ့ ပတ်သက်ပြီးတော့ စာထုတ်ထား တယ်လို့တော့ ကြားပါတယ်။ အခုအချိန်အထိ Public Area မှာရှိတဲ့ ဆိုင်ခန်းတွေကတော့ ဖျက်သိမ်းခြင်း မရှိတာကိုတော့ ကျွန်တော်တို့မြင် နေရတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်နယ် အစိုးအဖွဲ့ကနေ ထုတ်ပြန်ထားတဲ့ အမိန့်က နိုဝင်ဘာ ၃၀ ရက်မှာ ဖယ်ပေးရမယ်ဆိုတာ ပြောထားတာရှိတယ်” ဟု သံတွဲခရိုင်တောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ  ဦးညီလေးက ပြောကြားသည်။

အဆိုပါငပလီကမ်းခြေမှာ အရှည်ရှစ်မိုင်ကျော် ရှည်လျားပြီး ကမ္ဘာ့အလှဆုံးကမ်းခြေ ၂၅ ခုတွင် တစ်ခုအပါအဝင်ဖြစ်ကာ ပြည်တွင်း ပြည်ပမှ လာရောက် အပန်းဖြေရာ ကမ်းခြေတစ်ခု ဖြစ်သဖြင့် ဈေးဆိုင်ခန်းများ ကျူးကျော်ပြီး ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေခြင်းကြောင့် အပန်းဖြေသူများ  အခက်အခဲများ ဖြစ်ပေါ်မှုကြောင့် Public မြေဧရိယာအဖြစ် မူလအတိုင်း ထားရှိနိုင်ရေးအတွက် ဈေးဆိုင်ခန်းများအား အပြီးသတ် ဖယ်ရှားပေးရန် ဒုတိယအကြိမ် ထပ်ဆင့်အသိပေး အကြောင်းကြားစာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ငပလီမြို့ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

Most Read

Most Recent