၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးအတွက် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ငါးရက်ကြာပြုလုပ်မည်

၂၁ ရာစုပင်လုံညီလာခံ တတိယအစည်းအဝေးအတွက် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ငါးရက်ကြာပြုလုပ်မည်
Published 13 December 2017

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးတွင် ပြီးခဲ့သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ တင်လာသည့် အဆိုပြုလွှာများထဲတွင် UPDJC နှင့် ညီလာခံတွင်မတင်နိုင်သေးသည့် အချက်များကို ပြန်ပြီးတင်ပြဆွေးနွေးသွားရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း NCA ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ဆွေးနွေးရမယ့် အကြောင်းအရာဆိုရင် နိုင်ငံရေးကဏ္ဍမှာတော့ အဓိက,ကတော့ ပြီးခဲ့တဲ့ညီလာခံတုန်းကဆွေးနွေးပြီး သဘောတူညီချက်မရနိုင်သေးတဲ့အချက်တွေကို ပြန်လည်တင်သွင်းမှာဖြစ်တယ်။ ပြီးတော့ ပြီးခဲ့တဲ့အသုတ်တုန်းက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ခြောက်နေရာမှာလုပ်ပါတယ်။ အဲဒီကတင်လာတဲ့ အဆိုပြုလွှာတွေထဲက ကျွန်တော်တို့ UPDJC နဲ့ ညီလာခံမှာ မတင်နိုင်သေးတဲ့ အချက်တွေရှိတယ်။ အဲဒါကို ကျွန်တော်တို့ ပြန်ပြီးတင်ပြဆွေးနွေးဖို့အတွက် ပြင်ဆင်သွားမှာဖြစ်တယ်။ ကျန်တဲ့ကဏ္ဍလေးခုကတော့ သက်ဆိုင်ရာကဏ္ဍလုပ်ငန်း ကော်မတီအသီးသီးကတင်ပြတာကို ကျွန်တော်တို့ ဆွေးနွေးသွားမှာဖြစ်တယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အချက် ၃၇ ချက်အား ချမှတ်ခဲ့သော်လည်း ဖက်ဒရယ်မူနှင့်ပတ်သက်ပြီး မရရှိသေးသည့်အတွက် လာမည့်ညီလာခံတွင် ဖက်ဒရယ်မူများရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ပြီးခဲ့တဲ့ညီလာခံမှာ ၃၇ ချက်ကို ရတယ်ဆိုပေမဲ့ ကျွန်တော်တို့ ဖက်ဒရယ် Principle နဲ့ ပတ်သက်လို့သော်လည်းကောင်း အခြေခံ Principle တွေနဲ့ပတ်သက်လို့သော်လည်းကောင်း၊ ကျွန်တော်တို့လိုချင်တာ တကယ့်အနှစ်သာရရှိတဲ့ Principle တွေမရသေးဘူး။ အဲဒီအတွက်ကြောင့် လာမယ့်ညီလာခံမှာ အနည်းဆုံးတော့ ဖက်ဒရယ် Principle တွေကို အားလုံးအပြည့်အစုံရနိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ယင်း PPST အစည်းအဝေးတွင် ကဏ္ဍငါးခု၏ လုပ်ငန်းကော်မတီတွင်တာဝန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

PPST အဖွဲ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌမှ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ DKBA၊ KNU/KNLA-PC တို့မှ ခေါင်းဆောင်တစ်ဦးစီပါဝင်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ်ကျင်းပရန် ဆုံးဖြတ်ထားသဖြင့် ထပ်မံကျင်းပမည့် တတိယအကြိမ်အစည်းအဝေးအား ဒီဇင်ဘာလအတွင်းကျင်းပရန် အစိုးရဘက်က ဆန္ဒရှိသော်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ထပ်မံမကျင်းပနိုင်မှုအပါအဝင် အဆင်သင့်မဖြစ်သေးဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကယူဆကာ ၂၀၁၈ ခုနှစ် နှစ်ဆန်းတွင်ကျင်းပရန် အဆိုပြုခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်သည့် ခြောက်ကြိမ်မြောက် JICM အစည်းအဝေးတွင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား လာမည့်ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပရန် ဆုံးဖြတ်ထားသည်။

ထို့အတူ တပ်မတော်နှင့် RCSS/SSA တို့အကြား နေရာအငြင်းပွားမှုကြောင့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကျင်းပနိုင်ခြင်းမရှိသေးမှုအပေါ် JICM အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ရှမ်းပြည်နယ်လင်းခေးမြို့တွင် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) အားကျင်းပရန် တပ်မတော်နှင့် RCSS/SSA နှစ်ဖက်စလုံးက သဘောတူခဲ့သည်။