NCA ရေးထိုးနိုင်ရန် တစ်ဆို့နေသည့်ဆွေးနွေးမှုများ အဆင်ပြေစေရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် UNFC ထိပ်သီးခေါင်းဆောင်များတွေ့ဆုံရန် UNFC စာဖြင့်ကမ်းလှမ်း

NCA ရေးထိုးနိုင်ရန် တစ်ဆို့နေသည့်ဆွေးနွေးမှုများ အဆင်ပြေစေရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် UNFC ထိပ်သီးခေါင်းဆောင်များတွေ့ဆုံရန် UNFC စာဖြင့်ကမ်းလှမ်း
Published 12 December 2017

NCA ရေးထိုးနိုင်ရန် တစ်ဆို့နေသည့်ဆွေးနွေးမှုများ အဆင်ပြေစေရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များတွေ့ဆုံရန် ဒီဇင်ဘာ ၁၀ ရက်က စာဖြင့်ကမ်းလှမ်းထားကြောင်း UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထိပ်သီးခေါင်းဆောင်များတွေ့ဆုံ၍ ကျန်ရှိသောအချက်များ အဖြေရှာနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၁ ရက်တွင် UNFC က သဘောထားထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) သည် NLD အစိုးရတက်လာပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကျင်းပရေးဆပ်ကော်မတီနှင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်လည်းကောင်း ၂၀၁၆ ခုနှစ် အစောပိုင်းကာလမှစတင်၍ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ပိုမိုအဆင်ပြေမည်ဟု ယုံကြည်ထားသည့် NCA လမ်းကြောင်းပေါ်တွင် တွေ့ဆုံဆွေးနွေးလာခဲ့သည်မှာ ၁၇ လထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲသို့ တက်လှမ်းနိုင်ရန်အတွက် DPN မှအဆိုပြုထားသော အဆိုပြုချက်ကိုးချက်ကို DPN နှင့် PC တို့အကြား ဆွေးနွေးညှိနှိုင်းအဖြေရှာနေသည်မှာ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးထိတိုင် တရားဝင်ဆွေးနွေးပြီးလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အတူ နောက်ဆုံးအဖြေရရှိရေးအတွက် ထပ်မံဆွေးနွေးရန် ကျန်ရှိနေသေးသောအချက်များကို နဝမအကြိမ်မြောက် DPN နှင့် PC အစည်းအဝေးကို လွန်ခဲ့သော ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံး၌ပြုလုပ်ကာ ညှိနှိုင်းအဖြေရှာကြရန် နှစ်ဖက်သဘောတူ ကြိုတင်ပြင်ဆင်ခဲ့ကြကြောင်း၊ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တရားဝင် နဝမအကြိမ်မြောက်အစည်းအဝေးအား ကြိုတင်ညှိနှိုင်းအစည်းအဝေးပုံစံကို ရန်ကုန်မြို့တစ်နေရာ၌ ပြုလုပ်၍ နည်းလမ်းရှာခဲ့ကြကြောင်း သဘောထားထုတ်ပြန်မှုတွင်ပါရှိသည်။

ထို့နောက် အဆိုပါညှိနှိုင်းအစည်းအဝေး ရလဒ်အနေဖြင့် နှစ်ဖက်တာဝန်ရှိသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် UNFC ထိပ်သီးခေါင်းဆောင်များတွေ့ဆုံ၍ ကျန်ရှိနေသော ဆွေးနွေးရန်အချက်များကို နှစ်ဖက်မှ ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် DPN အဖွဲ့မှ ကြိုးပမ်းလျက်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး၏ အဓိကအရင်းခံပြဿနာမှာ နိုင်ငံရေးပြဿနာပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာနိုင်ရေး UNFC အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

“ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးရေးအခြေအနေက ပြီးခဲ့တဲ့အပတ်မှာ နည်းနည်းတစ်ဆို့သွားတယ်လေ။ တစ်ဆို့သွားတယ်ဆိုတော့ ပိုပြီးတော့မြန်ဆန်ရအောင် ပိုပြီးတော့ အလုပ်သဘောအရ ခေါင်းဆောင်တွေတွေ့ရင် ပိုပြီးတော့မြန်ဆန်မယ်။ ထပ်ပြီးတော့ညှိနှိုင်းစရာ မလိုတော့ဘူး။ ထိပ်သီးနဲ့ ထိပ်သီးတွေ့တာဆိုတော့။ ကျွန်တော်တို့ခေါင်းဆောင်တွေက အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်ရိုက်တွေ့ဆုံစကားကမ်းလှမ်းတာပါ။ ကျွန်တော်တို့စာရေးပြီးတော့ ကမ်းလှမ်းတာလေ။ ဒါနိုင်ငံတော်ကနေ ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာတွေ့မယ်ဆိုတာ ပြန်ကမ်းလှမ်းလာမှုကို ကျွန်တော်တို့စောင့်နေတာပေါ့နော်” ဟု နိုင်အောင်မငေးက ပြောကြားသည်။

UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရသို့အဆိုပြုတင်ပြထားသည့် အချက်ရှစ်ချက်အား ဆွေးနွေးရာတွင် အပြီးသတ်ဆွေးနွေးရန် အချက်တစ်ချက်သာ ကျန်တော့ကြောင်း အဋ္ဌမအကြိမ်ဆွေးနွေးပွဲအပြီး နှစ်ဖက်တာဝန်ရှိသူများက မီဒီယာများအား ပြောကြားထားသော်လည်း မည်သည့်အချက်ကျန်ရှိသည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုပေ။

အဆိုပါကျန်ရှိနေသည့်အချက်မှာ အဆိုပြုချက် (၂) ဖြစ်သည့် “လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်” အချက်တွင် စကားလုံးအသုံးအနှုန်းအပေါ် အငြင်းပွားလျက်ရှိကြောင်း စုံစမ်းသိရသည်။

“အဲဒါအဓိကပေါ့။ အဲဒါအပြင် ကျွန်တော်တို့ဆွေးနွေးပွဲမှာ ဘာတွေဖြစ်နိုင်မလဲ။ ဘာတွေ ကျွန်တော်တို့ကို ဖြည့်ဆည်းပေးနိုင်မလဲ။ လူကြီးတွေတွေ့ရင် အသေးစိတ်ပြောကြမှာပေါ့” ဟု နိုင်အောင်မငေးက ဆိုသည်။

မူလက အဆိုပါအချက်နံပါတ် (၂) မှာ ညှိနှိုင်းပြေလည်မှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရ၊ တပ်မတော်ဘက်မှ NCA စာချုပ် အခြေခံမူများအခန်းပါ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်လုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်” ပြဋ္ဌာန်းချက်အတိုင်းသာ လက်ခံမည်ဖြစ်ကြောင်း သဘောထားပြန်လည်တင်ပြထားသဖြင့် ညှိနှိုင်းမှုရှေ့ဆက်ရန် အခက်အခဲဖြစ်နေသည်။

UNFC အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသည်။