တရုတ်မီးပုံးမီးအိမ် လွှမ်းမိုးမှုအောက် မြန်မာ့လက်မှုမီးပုံး အရောင်မှိန်သွားပြီလား

တရုတ်မီးပုံးမီးအိမ် လွှမ်းမိုးမှုအောက် မြန်မာ့လက်မှုမီးပုံး အရောင်မှိန်သွားပြီလား
တရုတ်မီးပုံး ရောင်းချနေသော ဆိုင်တစ်ဆိုင်ကို ရန်ကုန်မြို့တွင် တွေ့ရစဉ်
တရုတ်မီးပုံး ရောင်းချနေသော ဆိုင်တစ်ဆိုင်ကို ရန်ကုန်မြို့တွင် တွေ့ရစဉ်
Published 21 October 2018
ရွှေရအောင်

မိုးလေကင်းလွတ် သီတင်းကျွတ်ဆိုသည့်အတိုင်း မိုးရာသီ ဆုတ်ခွာခါနီး သီတင်းကျွတ် အခါသမယ နီးလာသည်နှင့်အမျှ စျေးများတွင် လူစည်ကားလျက်ရှိ၏။ ရန်ကုန်မြို့၏ အချက်အချာကျသည့် စျေးများတွင်လည်း လူစည်ကားလျက်ရှိပြီး သိမ်ကြီးစျေးဝန်းကျင်နှင့် ၂၄ လမ်းတွင်ရှိသည့် အလှထွန်း မီးပုံးလေးများ မီးအိမ်လေးများကို ဝယ်ယူသူများလည်း စည်ကားလျက် ရှိနေကြသည်။ သီတင်းကျွတ် အခါသမယ ရောက်ရှိရန် ရက်အနည်းငယ်သာ လိုတော့သည်နှင့်အမျှ နေအိမ်ရှေ့၊ ဆိုင်ရှေ့၊ ရုံးရှေ့နှင့် လမ်းမများတွင်လည်း မီးပုံးလေးများ တွဲချိတ်အလှဆင်လျက် သီတင်းကျွတ်ပွဲတော်ကို ကြိုဆိုလျက်ရှိနေသည်။

သီတင်းကျွတ်ကာလ ရောက်သည်နှင့် မီးပုံးလေးများ နေရာတိုင်းတွင် တွေ့လာရသော်လည်း မြန်မာ့လက်မှု မီးပုံးလုပ်ငန်းများ ရပ်တည်ရ ခက်ခဲလာသည်မှာ အထင်အရှား ဖြစ်၍နေသည်။ ရန်ကုန်မြို့နေရာ အများစုတွင် မြန်မာ့လက်မှု မီးပုံးလေးများကို မတွေ့ရတော့ဘဲ တရုတ်နိုင်ငံမှ တင်သွင်းသည့် မီးပုံးမီးအိမ်များကို တွေ့လာရသည်။

တရုတ်ဖြစ် မီးပုံးများ၏ အရောင်အသွေး အလှအပ ဒီဇိုင်းများကိုလိုက်မမီသည့်အပြင် အသုံးပြုသည့် စက္ကူအပါအဝင် ပါဝင်ပစ္စည်းများ ကွဲပြားမှု၊ အမြင်ဆန်း မှုနှင့် စျေးကွက်ထိုးဖောက် ဝင် ရောက်နိုင်မှု အပေါ်မှာလည်း မူတည်လျက် ရှိနေသည်။ တရုပ်ဖြစ် မီးပုံးများမှာကား အမြင်ဆန်းကာ စျေးချိုမှုကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာ့လက်လုပ် မီးပုံးများကို နှစ်သက်အားပေးမှု မရှိတော့ဟုလည်း မြန်မာ့လက်မှု မီးပုံးလုပ်ငန်းကို အမွေဆက်ခံ လုပ်ကိုင်နေသူ ဒေါ်ချယ်ရီက ပြောကြားသည်။

“အရောင်းအဝယ် အေးတာပေါ့။ တရုတ်ပစ္စည်းဝင်တယ်။ တရုတ်ပစ္စည်းကို အားပေးတယ်။ နိုင်ငံခြားသားတွေက မြန်မာ့ဝါးလက်ရာကို အားပေးတယ်။ ဘယ်လိုကွာလဲတော့မသိ။ မြန်မာလူမျိုးတွေကတော့ ၀ါးတွေက ကလေးတွေ ရှမယ် (ပြတ်မယ် ဒဏ်ရာရမယ်) ဘာညာနဲ့ပေါ့ကွယ်” ဟု ကြယ်မီးပုံးလေး လုပ်ကိုင်ရင်း ပြောသည်။

မြန်မာလက်မှု အနုပညာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ရင်း ရပ်တည်နေသည့် နေရာတစ်ခု ရန်ကုန်မြို့တွင် ရှိနေသည်။ ထိုနေရာသည်ကား အခြားမှာမဟုတ်။ ကြည့်မြင်တိုင်မြို့နယ်မှာ ဖြစ်ပြီး ဗားဂရာအနီးတွင် ရှိနေသည်။ ထိုနေရာတွင်ကား ဘုရား ထီးတော်ကအစ သာသနိကပစ္စည်း အများအပြားကိုလည်း တွေ့နိုင်သလို အနည်ငယ်သာ ရှိတော့သည့် မြန်မာ့လက်မှု မီးပုံးလုပ်ငန်းများလည်း တွေ့နိုင်သေးသည်။

 မြန်မာ့လက်မှု မီးပုံးလုပ်ငန်းသည် သီတင်းကျွတ် အချိန်အတွက် အဓိကဖြစ်ပြီး တန်ဆောင်တိုင်လတွင် အလုပ်မဖြစ်ဟုလည်း လုပ်ကိုင်သူများထံမှ သိရသည်။ မြန်မာ့လက်မှု မီးပုံးများ၏ အဓိက စိန်ခေါ်မှုမှာ တရုတ်လုပ် မီးပုံးများပင်ဖြစ်သည်။

“တရုတ်စက္ကူက ပုံသေလာနေတာ။ ကျွန်တော်တို့ ဒီမှာက မှန်ကြည်တို့ ဘာတို့ပဲသုံးတာ။ တရုတ်က ပေါပေါလောလော စက္ကူ။ အဲဒီမှာ လုပ်ထားတဲ့ မီးပုံးလေးတွေရဲ့ စက္ကူ ကအသားမကောင်းဘူး။ ခု ကျွန်တော်တို့ကိုင်တဲ့ စက္ကူသားက ကောင်းတယ်။ အဲဒီထက် ဂျပန်က ကောင်းတယ်။ ဟောဟိုမှာကြည့် (လုပ်ငန်းလုပ်ကိုင်ရင်း စက္ကူကို လက်ညှိုးထိုးလျက်) အဲဒီလိုစက္ကူက ၃၀ ဆိုရင် တရုတ်က ပို့လိုက်တဲ့ စက္ကူတွေက ၁၀ ပဲရှိတာ။ ပြီးတော့ စက်နဲ့ ဖိတာတွေ အဲဒီတော့ ပေါပေါလောလော ရောင်းနိုင်တာပေါ့။ အဲဒါနဲ့လည်း ဆိုင်တယ်” ဟု လုပ်သက် ၄၀ ခန့်ရှိနေပြီဖြစ်သည့် ဦးဖြူလေးက ပြောပြသည်။

မြန်မာ့လက်မှု မီးပုံးလေးများကို အခြေခံအဖြစ် ၀ါး၊ စက္ကူ၊ ကိုယ် တိုင် လုပ်ကော်များဖြင့် လုပ်ကိုင်ကြခြင်းဖြစ်ပြီး တရုတ်ဖြစ် မီးပုံးလေးများနှင့် ယှဉ်ပါက အရောင်အဆင်း ဒီဇိုင်း တာရှည်ခံမှုတို့ ကွာဟလျက်ရှိပြီး မြန်မာ့လက်မှု မီးပုံးလေးများနှင့် တရုတ်ဖြစ်မီးပုံးလေးများ၏ စျေးနှုန်းအားပြိုင်မှုများလည်း အဓိကကျသည့် အပိုင်းတွင် ရှိနေသည်။ ထို့ပြင် အဓိကကျသည့် အခြားအရာတစ်ခုမှာ သယ်ယူ ထုပ်ပိုးရလွယ်ကူသည့် အခြေအနေလည်း ရှိနေခြင်းကြောင့် တရုတ်ဖြစ် မီးပုံးလေးများကို လူကြိုက်များလာပြီး မြန်မာ့လက်လုပ် မီးပုံးလေးများ အရောင်မှိန်လာသည့် အခြေ အနေသို့ ရောက်ရှိလာရခြင်းဖြစ်သည်။

“မြန်မာ့လက်မှု မီးပုံးတွေက အသေတွေပဲ။ အရှင်မရှိဘူး။ တရုတ် ကဟာတွေက အရှင်တွေ။ ခေါက် လို့ ထပ်လို့ရတယ်။ ဦးတို့က ၀ါးတစ် လုံးကို သုံးထောင်နဲ့ ဝယ်ရတယ်။ စက္ကူစျေးတွေကြီးလို့ မီးပုံးသမား တွေ ရှုံးကြတယ်။ သူတို့ဟာတွေက ပါကင်အိတ်တွေနဲ့ ထားတာ။ ဦးတို့ ဟာတွေက မိုးရွာပြန်ရင်လည်း အဝယ်မလိုက်တော့ဘူး။ အဲဒါလည်း ပါတယ်။ သူတို့က ထိန်းထား နိုင်တယ်။ တစ်နိုင်ငံလုံးဖြန့်နေတာကို။ တဖြည်းဖြည်းတော့ ပျောက်သွား မှာပါ။ ဘာဖြစ်လို့ဆို လက်ရှိ အခြေ အနေပဲကြည့် လက်ရှိလုပ်တဲ့ သူတွေ ဆိုလည်း အသက်ကြီးသူတွေ။ အရင်က တစ်ရပ်ကွက်လုံးနီးပါးပဲ။ လက်ရှိမှာတော့ သုံးယောက် လေးယောက်လောက်ပဲ ရှိပါပြီ” ဟု ဦးဖြူလေးက ပြောကြားသည်။

ဦးဖြူလေးအနေဖြင့် လက်ရှိ မြန်မာ့ရိုးရာ မီးပုံးလေးများ တိမ်ကောမည်ကို စိုးရိမ်ခြင်းကြောင့် သားသမီးများကိုလည်း လက်ဆင့်ကမ်း သင်ယူထားကြောင်း ပြောပြသည်။ ယခင်က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသတွေက မှာယူကြပြီးနယ် အော်ဒါများကိုလည်း လုပ်ကိုင်ရလေ့ရှိပြီး ယခုနှောင်းပိုင်း တရုတ်မီးပုံးလေးများ ဝင်လာခြင်းကြောင့် နယ်မြို့များက မှာယူခြင်း မရှိတော့ဟုလည်း သိရသည်။

ယခင်က အနည်းဆုံး မီးပုံးအလုံးရေ နှစ်သောင်းကနေ လေးသောင်း ငါးသောင်းအထိ လုပ်ကိုင်ရရာ လက်ရှိမှာ ၂၀၀၀ ခန့်ပင် လုပ်ရသည့် အခြေအနေ မရှိတော့ဟုလည်း ကြာပန်းမီးအိမ်လေးတွေ လုပ်ကိုင်ရင်းပြောပြသည်။

“ခုတော့နယ်ပို့တာတွေလည်း မရှိတော့ဘူး။ ဟိုအရင်တုန်းကဆို ပုသိမ်တို့ မြောင်းမြတို့ မြစ်ဝကျွန်းပေါ် ဟင်္သာတတို့ အထိပို့တယ်။ ခုတော့ အဲဒီလောက်မကျယ်ပြန့် တော့ဘူး။ တိမ်ကောလာမှာပါ။ ပျော်ပျော်ရွှင်ရွှင်လည်း မရှိတော့ပါဘူး။ ဦးတို့ အသက်အစိတ်လောက်ကဆိုရင် တစ်တန်းလုံး လုပ်ကြတာ။ ၁၉၇၅၊ ၈၅ လောက်ကပေါ့။ အရေးအခင်းပြီးတော့မှာ ၈၈ ပြီးတော့ အဲဒါတွေ ပျက်သွားရော။ တရုတ်မီးပုံးတွေ ဝင်လာပြီးလေ။ အဲဒါကစ ပျက်စီးလာတာပေါ့” ဟု ဦးဖြူလေးက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။

မီးပုံးလေးတစ်လုံးဖြစ်ရန် အတွက် ဦးစွာပထမ ၀ါးနှီးများ လိုအပ်ပြီး ဆီစိမ်စက္ကူ၊ တရုတ်ပြည်မှ ဝင်ရောက်သည့် ၀ါစိမ်းနီပြာ မှန်ရောင်စက္ကူများ လိုအပ်ပြီး ဖယောင်းတိုင် ထွန်းညှိရန် သွပ်ပြားစ သွပ်ပြားခွက် ကလေးများလည်း လိုအပ်ပြန်သည်။ အကြမ်းထည်တစ်ခု ပြီးစီးရန် လိုအပ်သည့် အရုပ်ဖြစ်ရန် ပုံကြမ်းဝါးများ(အသည်းပုံ၊ ကြယ်၊ မီးအိမ်၊ မီးခွက်) စသဖြင့် ပြုလုပ်ခြင်း၊ ရောင်စုံ တရုတ်ဖြစ် စက္ကူလေးများ အား လိုအပ်သလောက် ကပ်ကြေးများဖြင့် ညှပ်ယူကော်ကပ်ကာ အဆင့်ဆင့် ပြုလုပ်ယူရသည်။

မီးပုံးလုပ်ကိုင်ရန်အတွက် ၀ါးတစ်လုံးကို ကျပ် ၃၀၀၀ ကျော်အထိ ပေးနေရပြီး စက္ကူတစ်ကိုက်ကို ကျပ် ၂၀၀ ကနေ ၅၀၀ အထိအမျိုးမျိုး ရှိနေရာ အရည်အသွေးပေါ် မူတည်၍ စျေးနှုန်းကြီးမြင့်လာပြီး မြန်မာ့လက်မှု မီးပုံးသည် စျေးကြီးသည့် အနေအထား ရောက်ရှိလာရသည်။

လက်ရှိမှာ ရန်ကုန်မြို့ရှိ မြန်မာ့လက်လုပ် မီးပုံးလေးများကို ဝယ်ယူသူများမှာ ကုမ္ပဏီများမှဖြစ်ပြီး နေအိမ်များ တွင်အလှထွန်းရန် ဝယ်ယူသူ နည်းလာကာ တစ်နေ့သုံးလုံးမှ ငါးလုံးခန့်သာ ဝယ်ယူမှုရှိပြီး များများစားစား ဝယ်သူမရှိတော့ သည်မှာလည်း ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။ သို့သော်လည်း မြန်မာ့လက်မှုကို နှစ်သက်သူများမှာကား သီးသန့်ကို လာရောက်ဝယ်ယူမှုရှိရာ ယခင်ကကဲ့သို့ အများအပြား မရှိတော့ပြီလည်း ဖြစ်သည်။

မြန်မာ့လက်မှု မီးပုံးတစ်လုံး၏ အမြင့်ဆုံးစျေးနှုန်းမှာ အရွယ် အစားအလိုက် သောင်းဂဏာန်းခန့်ရှိပြီး အများစုမှာ ကျပ် ၃၀၀၀ ကျော်ဖြစ်ပြီး အနိမ့်ဆုံး စျေးနှုန်းမှာ ၅၀၀ အောက်အထိဖြစ်သည်။ တရုတ်ဖြစ်မီးပုံးများ၏ စျေးနှုန်းမှာလည်း မြန်မာ့လက်မှု မီးပုံးများကဲ့သို့ စျေးနှုန်းကြီးမြင့်သည့်အပြင် မြန်မာ့လက်မှု မီးပုံးများထက် စျေးနိမ့်သည့် မီးပုံးများလည်း ရှိနေရာ စျေးချိုသည့် မီးပုံးလေးများနှင့် ရောင်စုံလှပသည့် မီးပုံးလေးများကြောင့် စျေးကွက်အတွင်း လူကြိုက်များလာခြင်းပင် ဖြစ်သည်။ သို့သော်လည်း တိမ်ကောမည်ကို မကြောက်။ တစ်နှစ်တစ်ကြိမ် လုပ်ရသည်မို့ ဝယ်သူမရှိလည်း ကိုယ့်အိမ်မှာ ကိုအလှထားမည်ဟု ပြောလာသူကတော့ ဒေါ်ချယ်ရီပဲဖြစ်သည်။

“တရုတ်ပစ္စည်းတွေက ခေါက်လို့ရ ပိတ်လို့ရတယ်တယ်။ ရောင်းတဲ့သူတွေကလည်း တရုတ်တွေ။ အန်တီတို့ ၀ါးက အသေလည်၊ ခေါက်လို့ရ ပိတ်လို့ရ စပရင်တွေနဲ့လည်း မသုံးတတ်ဘူး။ ဟိုးတုန်းကတည်းက ဒီတိုင်းပဲဆိုတော့ ဒီတိုင်းပဲပေါ့။ ကြိုက်ရင်တော့လည်း လာဝယ်ပေါ့ကွယ်။ မကြိုက်ရင်လည်း ဘာမှမဖြစ်ဘူး။ အလှကြည့် ကိုယ့်ဘာကိုကြည့် စိတ်ချမ်းသာပေါ့” ဆိုကာ ပြောဆိုသည်။

မြန်မာ့ရိုးရာလက်မှု မီးပုံးလုပ်ငန်း အလုပ်ဖြစ်သည့် အချိန်မှာ သီတင်းကျွတ်မှသည် သင်္ကြန်ကာလအထိဆိုကာ ပြောဆိုကြသော်လည်း အဓိကအချိန်မှာ သီတင်းကျွတ် အခါသမယပင်ဖြစ်သည်။ သီတင်းကျွတ်ကာလ နီးကပ်လာသည်နှင့် ရန်ကုန်မြို့အပါအဝင် မြို့နယ်အ များအပြားရှိ လမ်းမကြီးများ၊ နေအိမ်ရှေ့များ  ဘုရားကျောင်းကန်များတွင်  မီးပုံးလေးများ ချိတ်ဆွဲလျက်ရှိနေပြီ ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ နေရာအများစုတွင်ကား အရောင်အသွေး စုံလင်လှပသည့် တရုတ်မီးပုံးလေးများသာ ချိန်ဆွဲထားသည်ကိုသာ အများအပြား တွေ့နေရသည်။

ဒါ့အပြင် ယခင်က မိသားစုလိုက် မီးပုံးလေးများပြုလုပ်ပြီး သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲလေ့ရှိရာ လက်ရှိမှာ ထို့ကဲသို့သော ရိုးရာဓလေ့များ တိမ်ကောလာပြီး ကျေးရွာအချို့တွေမှာသာ အနည်းငယ် ရှိနေသေးကာ အသင့်လုပ် တရုတ်မီးပုံးလေးများ ဝင်ရောက် နေရာယူလျက် ရှိနေပြီးဖြစ်သည်။ အခြားတစ်ဖက်မှာလည်း တရုတ်မီးပုံးများ၏ နေရာယူမှုကြောင့်ဟု ဆိုရမည်လား မြန်မာ့လက်မှု မီးပုံးလက်ရာမျိုးစုံကို မတွေ့ ရတော့ဘဲ တိမ်ကောလျက်ရှိသည်။

ရန်ကုန်မြို့ရှိ မီးပုံးလုပ်ငန်းများ၏ လုပ်ငန်းအလုပ်ဖြစ်ချိန်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်နှင့် ခရ စ္စမတ် အချိန်များသာဖြစ်ပြီး ၀ါသနာအရ အချိန်ကျလျှင် မီးပုံးလေးများ လုပ်ချင်စိတ်ကြောင့် မီးပုံးလေးများ လုပ်ဖြစ်ပြန်သည်ဟုလည်း ဒေါ်ချယ် ရီက ပြောပြသည်။ လက်ရှိမှာကား ရပ်ကွက်တွင်း၊ ပတ်ဝန်းကျင်တွင် ယခင်က မီးပုံးလေးများ လုပ်ကိုင်သည့်သူများမှာ ရပ်နားကုန်ကြလေပြီဖြစ်သည်။

မိရိုးဖလာအရ ၀ါသနာအရ လုပ်ကိုင်ကြခြင်းဖြစ်ပြီး အဆင်မပြေ ခြင်းကြောင့်သာ လုပ်ကိုင်ခြင်းဖြစ်ကာ နှစ်ပေါင်း ၄၀ ခန့်လုပ်လာပြီး အလုပ်လည်း ပင်စင်ရထားပြီး အ သက်လည်း ကြီးလာတာကြောင့် ယခင်ကကဲ့သို့ အားစိုက်မလုပ်နိုင် တော့ဘဲ သီတင်းကျွတ်ကာလ အသုံး စရိတ် ခဏတာအတွက်သာ အဆင်ပြေပြီး သီတင်းကျွတ်ကာလ လွန်သည်နှင့် အားလုံးလွင့်ပျံသွားပြီဟုလည်း ဦးဖြူလေးက ဆိုသည်။

မြန်မာ့လက်မှု မီးပုံးလေးများ၏ ကျဆုံးခန်းကို ရောက်လာရသည်မှာ စျေးပေါပေါနှင့် လွယ်လင့်တကူ ဝယ်ယူ၍ရသည့် တရုတ်မီးပုံးများကြောင့်ဟု ဆိုနိုင်သလို အခြားတစ်ဖက်တွင်လည်း ကုန်ကြမ်း ရှားလာခြင်းကြောင့်ဟု လုပ်ကိုင်သူများက ပြောဆိုကြသည်။  ကုန်ကြမ်းရှားလာသည် ဆိုသည်မှာကား အခြားမဟုတ် ၀ါးရှားပါးလာခြင်း၊ ၀ါးစျေးကြီးခြင်း၊ စက္ကူစျေးကြီးလာခြင်း၊ ဝယ်ယူအားပေးမှု လျော့လာခြင်း အပါအဝင် စျေးကွက်ထိုးဖောက် နိုင်မှုတို့ကြောင့်လည်းဖြစ်သည်။ ကုန်ပစ္စည်းသို လှောင်သိမ်းဆည်းရ ခက်ခဲခြင်း၊ တရုတ်ဖြစ် ပစ္စည်းများကဲ့သို့ ပေါ့ပါးသွက်လက်ပြီး သယ်ယူရ မလွယ်ကူခြင်း တာရှည်ထိန်းသိမ်းပြီး စျေးကွက် မထိုးဖောက်နိုင်ခြင်း များကြောင့်ပင် ဖြစ်ပေသည်။

သို့သော်လည်း မြန်မာ့လက်မှု မီးပုံးမှာ တာရှည်ခံမှု မီးလုံး၊ မီးသီးများ ထည့်ထွန်းရာမှာ တရုတ်ဖြစ်မီးပုံများထက် သာလွန်သည်ဟုလည်း လုပ်ကိုင်သူများက ယုံကြည်လျက် လုပ်ကိုင်နေကြခြင်းပင် ဖြစ်သည်။ ဒါ့အပြင် လက်လုပ်မီးပုံးလေးများကို အားပေးသူများအတွက် မြန်မာမှုလုပ်ငန်းကို ချစ်မြတ်နိုးသူများအတွက် အရောင်မှိန်လာသည့် မီးပုံးလုပ်ငန်းကို မစွန့်ရဲဘဲ ရပ်တည်နေခြင်းပင်ဖြစ်သည်။

သို့သော်လည်း ဝမ်းနည်းစရာဟုပင် ဆိုရမည်လား တိမ်ကောပျောက်ကွယ်လု အခြေအနေ မြန်မာ့လက်မှု မီးပုံးလုပ်ငန်းများကို ထိန်းသိမ်းရန် လိုအပ်လာပြီး မိရိုးဖလာ မြန်မာ့လက်မှု အနုပညာ တစ်ခုလည်းဖြစ် ကုသိုလ်ဒါန အတွက်လည်းဖြစ်သည့် မီးပုံးလေးများအတွက် ဝမ်းနည်းရကြောင်းလည်း ဦးဖြူလေးက စိတ်မကောင်းဖွယ် ရင်ဖွင့်ပြောဆိုထားသည်။

မြန်မာ့လက်မှု မီးပုံးလုပ်ငန်းသည်ကား လက်ရှိမှာ အလွန်နည်းပါးလာပြီး တိမ်ကောနိုင်သည့် လုပ်ငန်း မြန်မာ့လက်မှု အနုပညာတစ်ခု အဖြစ်သို့ ရောက်နေပြီဟု ဆိုရပေမည်။ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာရ အခြေအနေအပေါ် လိုက်မီအောင် ပြောင်းလဲနိုင်ခြင်း မရှိတော့တာကြောင့် ဆုတ်ယုတ် ပျောက်ကွယ်နိုင်သည့် အခြေအနေကို ရောက်ရှိရသော်လည်း  မြန်မာ့ယဉ်ကျေးမှု အနုပညာ ဓလေ့စရိုက်တစ်ခု ပျောက်ကွယ်မည်ကို စိုးရိမ်ရမည်ဖြစ်ပြီး တရုတ်ဖြစ် မီးပုံးလွှမ်းမိုးမှုအောက်မှာ မြန်မာ့လက်မှု မီးပုံးများ တကယ်ပင် အရောင်မှိန် ကျရှုံးပြီလားဆိုကာ တွေးတောစရာပင် ဖြစ်ပေသည်။