အိုဘယ့် . . . တိမ်တမန်

အိုဘယ့် . . . တိမ်တမန်
ရန်ကုန်မြို့တွင် မိုးတိမ်များ အုံ့ဆိုင်းနေသည်ကို အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီက တွေ့ရစဉ်
ရန်ကုန်မြို့တွင် မိုးတိမ်များ အုံ့ဆိုင်းနေသည်ကို အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီက တွေ့ရစဉ်
Published 21 October 2018
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)

ပြီးခဲ့သည့်ရက်ပိုင်းက မုန်တိုင်းကြောင့် အညာဘက်၌ မိုးတစိမ့်စိမ့် ဖြစ်နေသည်။ နေ့ရောညပါ မစဲတမ်း စိမ့်စိမ့်ရွာသည့်မိုး။ မိုးကစိမ့်တော့ မြင်လေရာရာက အုံ့အုံ့ဆိုင်းဆိုင်းနယ်ရှစ်ခွင်မှိုင်းလို့။ သည်တော့ မိုးဖွဲ့စာတစ်ပုဒ်ကို စိတ်က သတိရမိသွားသည်။ စိတ်ထဲစွဲလမ်းခဲ့ဖူးသည့် မိုးစာတစ်ပုဒ်ရှိခဲ့၏။ ထိုစာက ‘မေဃဒူတ’ ။ မေဃဒူတသည် စာဆိုကာ လီဒါသရေး၍ ဆရာဦးသော်ဇင် ဘာသာပြန်ခဲ့သော မိုးဖွဲ့လင်္ကာရှည်ကြီးတစ်ပုဒ် ဖြစ်သည်။ မေဃသဒ္ဒါက ‘မိုး’ အနက်ကိုဟော၍ ဒူတသဒ္ဒါက ‘တမန်တော်’ အနက်ဟောသည်။ နှစ်ရပ်ပေါင်းတော့ မိုးတိမ်တမန်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးတိုင်း၌ မိုးအခြေစိုက် အလွမ်းစာ၊ သဝဏ်စာတို့ ရှိခဲ့ပေလိမ့်မည်။ ကာလီဒါသ၏ မေဃဒူတသည်ကား ဂန္ထဝင်မြောက် မိုးဖွဲ့စာတစ်ပုဒ်အဖြစ် ကမ္ဘာကျော်ခဲ့သည့် စာတစ်ပုဒ်ဖြစ်သည်။ မေဃဒူတကို ပုဗ္ဗမေဃ၊ ဥတ္တရမေဃဟု နှစ်ပိုင်းခွဲထားသည်။ ရှေ့ပိုင်းအုပ်စု၌ လင်္ကာပိုဒ်ရေ ၆၄ ပိုဒ်ရှိ၍ နောက်ပိုင်းအုပ်စု၌ ၅၄ ပိုဒ်ရှိသည်။ ဆရာဦးသော်ဇင်က ထိုလင်္ကာရှည်ကို စကားပြေဟန်၊ လင်္ကာဟန် နှစ်မျိုးဖြင့် ပြဆိုထားသည်။ ဆရာ့ဘာသာပြန်နှစ်မျိုး၌ ကိုယ့်အကြိုက်က စကားပြေဟန်ဖြစ်သည်။

(၂)

တစ်ခါက ကုဝေရနတ်မင်းကြီး၏ အမှုထမ်း ယက္ခတစ်ဦးသည် သူ၏ ကြင်စဦး ဇနီးမယားနှင့် မိုးမမြင်လေမမြင် ပျော်ပွဲဆင်နေမိသဖြင့် တာဝန်ဝတ္တရားများ လစ်ဟင်းခဲ့ရသည်။ ထိုအဖြစ်ကို ကုဝေရနတ်မင်းကြီး သိလေသော် အမျက်ဒေါသ ပြင်းစွာထွက်၍  ယက္ခအား အပြစ်ဒဏ်ပေးလိုက်သည်။ ထိုအပြစ်ဒဏ်သည်ကား ‘ဇနီးမယားနှင့် တစ်နှစ်တိတိ ခွဲပြီးနေစေ’ ဆိုသည့် အမိန့်အာဏာ ဖြစ်သည်။ နတ်မင်းကြီး၏ ထိုအမိန့်အာဏာက ဒဏ်သင့်သူ ယက္ခအတွက် မိုးကြိုးသွားတမျှ စူးရှပြင်းထန်ခဲ့ရသည်။ သို့သော် သူကား အပြစ်လွန်ခဲ့သူ။ တာဝန်ဝတ္တရားကို ပေါ့လျော့ခဲ့လေသူ။ ဝတ္တရားမကျေပွန်သူအတွက် ထိုအပြစ်နှင့်ထိုက်သော အပြစ်ဒဏ်ကို ခံရမည့် အဖြစ်ကိုလည်း သူသိသည်။ သို့ဖြင့် ပြင်းထန်လှစွာသည့် အပြစ်ဒဏ်ကို ဦးထိပ်ရွက်ရင်း နတ်မင်းကြီးစေညွှန်သည့် ရာမဂီရိ (စိတြကူဋ) တောင်သေလာသို့ ရောက်ခဲ့ရသည်။

နေ့အလီလီကို တစ်ကိုယ်တည်း ဖြတ်သန်းနေရသူ ယက္ခအတွက် ကိုယ်မလိုဘဲ ကျင့်နေရသည့် ဧကစာအကျင့်က ခဲယဉ်းလှသည်။ ဇနီးမယားကို လွမ်းတစိတ်ဖြင့် သူ့စိတ်အစဉ်က တစ်ခါမှ ကြည်လင်ရွှင်ပျ မရှိခဲ့။ စိတ်ကမရွှင်တော့ ရုပ်ကလည်း မကြည်မလင်။ အိမ်လွမ်းစိတ်က လူကိုဖိတော့ ရုပ်တရားကြီးက အိကျသွားသည်။ ချောင်ကျသွားသည်။ သူ့ကိုယ်ကာယ၌ သန်မာပြည့်တင်းသည့် မူလရုပ်သွင်တို့လည်း မရှိတော့။ စိတ်နှလုံးနှင့်အတူ ရုပ်တရားကလည်း ညှိုးချုံးခဲ့ရသည်။

တောင်စွန်းတောင်စောင်း တစ်နေရာ၌ တစ်ကိုယ်တည်းဘဝကို ပင်ပန်းခြင်းကြီးစွာ ကျော်ဖြတ်ပြီးနောက် ဝသန္တဥတု၏ ၀ါဆိုလသို့ ရောက်လာခဲ့သည်။ ထိုဝါဆိုလ၏ ပထမနေ့၌ပင် တောင်ထွတ်တောင်ဝှမ်းကိုလွှမ်း၍ တက်လာသော မိုးတိမ်အစိုင်အခဲကြီး တစ်ခုကို ယက္ခမြင်လိုက်ရသည်။ နေရာက တောင်ထွတ်တောင်ထိပ်ဆိုတော့ မိုးတိမ်က သူနှင့် အနီးကလေးဟုပင် စိတ်ကမြင်သည်။ အထက်ပိုင်း ပြန့်ကားလှစွာဖြင့် အောက်ခြေသို့ ရှူးဆင်းသွားသော မိုးတိမ်အုပ်ကို မြင်လိုက်ရသည်က အစွယ်အစုံဖြင့် မြေကို တူးဆွနေသည့် ဆင်ကြီးတစ်ကောင်ဟုပင် ယက္ခစိတ်က ထင်ချင်ချင်။

အနှစ်နှစ်အလလ ကွဲကွာနေသူ မိတ်ဆွေရင်းတစ်ယောက်ကို မြင်လိုက်ရသည့်အလား မိုက်ခနဲတက်လာသည့် မိုးတိမ်အုပ်ကြီးကို ကြည့်ရင်း ယက္ခတစ်ယောက် အကြီးအကျယ် စိတ်လှုပ်ရှားသွားသည်။ အိမ်လွမ်းစိတ်တို့ အုံကျင်းဖွဲ့နေသည့် ယက္ခ၏ မျက်လုံးအစုံ၌ မျက်ရည်တို့ အိုင်ထွန်းသွားသည်။ သူရှိရာ တရွေ့ရွေ့ ရွေ့လာသည် ထင်ရသည့် မိုးတိမ်အုပ်ကြီးကို ငေးရင်း သူ့ကိုယ်သူ အနိုင်နိုင် ကြိုးစား၍ ရပ်တည်နေရသည်။ စိတ်ကမခိုင်တော့ လူကလည်း မခိုင်ချင်။ ဤပုံဤနည်း မို့မှိုင်းတက်လာသည့် မိုးတိမ်အုပ်ကို မြင်လျှင် အရာရာ ပြည့်စုံသူတို့သော်မှ စိတ်ကမခိုင် ယိမ်းယိုင်ဖောက်ပြန် ဖြစ်ကြရသေးသည်။ ကြင်သူသက်လျာနှင့် ဝေးကွာနေရသည့် သူလို ယက္ခအဖို့မူ အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း။ လွင့်နေသည့်မိုးတိမ်က မငြိမ်သူ ယက္ခကို ပြုစားချေပြီ။

(၃)

၀ါခေါင်လအတွင်း မိုးတိမ်တို့ကား တအိအိတက်လာဆဲ။ယခင်ကထက်ပို၍ ထူထပ်လာသည် ထင်ရသည်။ ရံခါရေစက်ရေပေါက်တို့ကို ဝေါခနဲ ဖျောခနဲ သွန်ချသည်။ မိုးတိမ်တွေ တရိပ်ရိပ် တက်လာလေတိုင်း ယက္ခစိတ်က ဂနာမငြိမ်။ တစ်ကိုယ်တည်း နေမထိထိုင်မသာ ဖြစ်နေရရှာသည်။ ‘တမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊ ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်’ သည့်အဖြစ်ကို အိမ်သူသိစေချင်သည်။ မိုးတိမ်လည်းသိစေချင်သည်။ အိမ်သူ၏ ယက္ခသည် ဝေးတစ်မြေရပ်ခြား၌ လွမ်းအားပိုနေရပါကြောင်း၊ အိမ်လွမ်းစိတ်ဖြင့် စိတ်ရောလူပါ ပင်ပန်း နွမ်းနယ်နေပြီဖြစ်ပါကြောင်း၊ သို့သော် အသက်နှင့်ကိုယ်အိုးစားမကွဲ၊ ခိုင်မြဲကျန်းမာ ရှိနေပါသေးကြောင်း မိုးတိမ်မှတစ်ဆင့် အိမ်သူထံသို့ သတင်းစကား ပေးပို့ရန် စိတ်အကြံဖြစ်သည်။ မိုးတိမ်သည် ဖော်ကွာဝေးသူတစ်ယောက်၏ အိမ်လွမ်းစကားကို အသေအချာ မှတ်သား၍ကြားစေ လိုသူထံသို့ ဆောင်ပို့ပေလိမ့်မည်ဟု ယက္ခစိတ်က ယုံထားသည်။ သူကား လူသူဝေးရာ နယ်မြေ၌ အပြစ်ဒဏ်ကျခံနေရရှာသူ တစ်ဦးဖြစ်သည်။ သူ့ဝန်းကျင်၌ စကားပြောစရာ မိတ်ဆွေဟု တစ်ယောက်မျှ မရှိ။ ယခု မိုးတိမ်ကိုသူတွေ့ပြီ။ မိုးတိမ်ကို စကားပြောမည်။ မိုးတိမ်သည် သူ့မိတ်ဆွေ။ မိုးတိမ်သည် သူ့အဖော်။ ယက္ခတစ်ကိုယ်တည်း ဗျာများနေသည်။ ယက္ခ၏ လက်၌ တောချုံအစပ်မှ ဆွတ်ခြူလာခဲ့သည့် မြတ်လေးပန်းထုပ်လေးရှိသည်။ ထို မြတ်လေးပန်းထုပ်ကို မိုးတိမ်သို့ လက်ဆောင်ကမ်းမည်ဟု သူရည်သည်။ သူ့အာရုံ၌ မိုးတိမ်သည် သူ ရှိရာသို့ တအိအိ ရွေ့ဆင်းလာနေသည်။ ယက္ခသည် မြတ်လေးပန်းထုပ်ကို မြဲမြဲဆုပ်ကိုင်ရင်း မိုးတိမ်ကို မော့ကြည့်ပြီး သကာလ ‘ကောင်းသောလာခြင်းပါအဆွေ’ ဟု နှုတ်ခွန်းဆက်သ ဂါရဝပြုလိုက်သည်။

မိုးတိမ်ဟူသည်ကား စင်စစ်အားဖြင့် အခိုး၊ နေရောင်ခြည်၊ ရေ၊ လေတို့၏ အပေါင်း အစုမျှသာဖြစ်သည်။ တစ်ယောက်၏ သတင်းစကားကို တစ်ယောက်သို့ ပို့ဆောင်နိုင်စွမ်း အလျဉ်းမရှိ။ သို့သော် သူသည် အထီးကျန်အဖော်မဲ့တစ်ဦး ဖြစ်သည်။ အိမ်လွမ်းစိတ်ဖြင့် တစ်ကိုယ်လုံး အမှောင်ကျနေသည့် ခိုကိုးရာမဲ့ ယက္ခတစ်ဦး ဖြစ်သည်။ အလွမ်းဖြင့် ပိနေသူ တစ်ဦးအဖို့ ဆင်ခြင်တုံတရားကလည်း သူ့ကို စွန့်ခွာချေပြီ။ သဘာဝဓမ္မကို ဆင်ခြင်နိုင်စွမ်း မရှိတော့။ မိုးတိမ်ကို မော့ကြည့်ရင်း ယက္ခနှုတ်မှ အငမ်းမရ ရေရွတ်သံတို့ ဖိတ်ကျလာသည်။ ထိုစကားလုံးအစုသည်ပင် စာဆိုတော် ကာလီဒါသ၏ ‘မိုးတိမ်တမန်’ ဖြစ်တော့သည်။

(၄)

အချင်း .. တိမ်တမန်၊ သင်သည်ကား လောကတွင် အလွန်ထင်ရှားသည့် ပေါက္ခရနှင့် အာဝတ္တက အမည်ရှိသည့် မိုးတိမ်တို့၏ အမျိုးအနွယ် ဖြစ်သည်။ သိကြားမင်း၏ အရေးပါလှသည့် သံတမန်တစ်ဦးဖြစ်သည်။ သင်အလိုရှိတိုင်း ကိုယ့်ကိုယ်ကိုယ် ပုံဟန်အမျိုးမျိုး ဖန်ဆင်းနိုင်စွမ်းသူလည်း ဖြစ်သည်။ ချစ်သူနှင့် ကွဲကွာနေရသူ ငါကသင့်ထံမှောက်၌ ပတ္ထနာပြုပါသည်။ ဂုဏ်ကြီးရှင်တို့ထံ၌ တောင်းပန်ရခြင်းသည် အကျိုးမပြီး ဖြစ်စေဦးတော့ သူယုတ်တို့ထံမှ လိုရာအကျိုးကို ရခြင်းထက်မြတ်ပါ၏။ မိုးတိမ်၊ ငါတောင်းပန်ပါ၏။ ငါ့သတင်းစကားကို အိမ်သူထံသို့ ယူဆောင်သွားပါလေ။

မေဃဒူတလင်္ကာကြီး၌ မိုးတိမ်ဆက်လက်ထွက်ခွာရမည့် လမ်းကြောင်းကို ယက္ခက မှာကြားနေသည့် အခန်းတို့ကို ဆက်လက်ပြဆိုသည်။ မိုးတိမ်၏ ခရီးလမ်းကြောင်းကို တစ်ဖက်ကပြောရင်း တစ်ဖက်က သူ့အိမ်သူကို မမှီမကမ်း လှမ်းလွမ်းသည်။ မေဃဒူတကို ဖတ်ရသည်မှာ ဖတ်သူကိုယ်တိုင် ကောင်းကင်ခရီးထဲ မျောနေသလို ခံစားရသည်။ မိုးတိမ်နှင့်အတူ တောင်စဉ် အထပ်ထပ်ကို ကျော်သည်။ လယ်ကွင်းလယ်ကွက်များစွာကို ဖြတ်သည်။ ယက္ခ၏ ဇနီးကြင်ရာ နေထိုင်သည့် ‘အလကာပူရီ’ မြို့ကို တစ်ထောက်နားပြီးမှာ ကြားသင့်သည်ကို မှာကြားကာ ရှေ့ခရီးကို ဆက်နေဟန်က ပေါ့ပေါ့ပါးပါး ရှိလှသည်။ လမ်းခရီး၌ ‘မာနသ’ ရေကန်သို့ ပျံသန်းသွား ကြသည့် ရွှေဟင်္သာများကို တွေ့သည်။ ‘ကေလာသ’ တောင်ကို တွေ့သည်။ ထို့နောက် သူ့မိတ်ဆွေ ‘ရာမဂီရိတောင်ထွတ်’ ကို ပွေ့ဖက်ကာ နှုတ်ဆက်ဟန်ကို တွေ့သည်။ ထိုတောင်၏ ခါးပန်း၌ ‘ရဃုပတိ’ နတ်မင်း၏ ခြေရာအမှတ်တံဆိပ်ကို ခပ်နှိပ်ထားသည်။ ‘မာလ’ လယ်ကွင်းများပေါ်ရောက်တော့ တိမ်တိုက်တို့က ပြေးရင်းလွှားရင်း ဖျောခနဲရွာချလိုက်သည်။ အိုဘယ့် ချစ်လှစွာသော အချင်း ... တိမ် တမန်။

မိုးတိမ်သည် ပြေးနေသည်။ ရှေ့စူးစူး၌ ‘အမရကူဋ’ တောင်ထွတ်ရှိသည်။ ထိုတောင်ကြောကို မီးလောင်စဉ်က မိုးတိမ်သည် ရေစင်ဖျန်း၍ ငြိမ်းချမ်းမှု ပေးခဲ့ဖူးသည်။ ‘ဗိန္ဒရာ’ တောင်ခြေ၌ ကျောက်တုံးကျောက်ခဲများကို ဖောက်ခွဲကာ ဖြန့်ခင်းစီးဆင်းနေသည့် ‘နမ္မဒါ’ မြစ်ကို တွေ့သည်။ ဆင်ပြောင်ကြီးကို အစင်းကြောင်း ဆွဲထားသည့်အလား ထိုမြစ်က လှသည်။ ရှေ့တစ်နေရာ၌ ‘သိဒ္ဓနတ်’ တို့ ရှိသည်။ မိုးတိမ်က ဒိန်းဒိန်းသံပေး၍ ထစ်ချုန်းလေသောအခါ အလန့်တကြား ဖြစ်သွားသည့် နတ်မိမယ်တို့က နတ်လုလင်တို့ကို လှမ်းဖက်သည်။ ထို့ကြောင့် သိဒ္ဓနတ်တို့က မိုးတိမ်ကို လွန်စွာမှ ကျေးဇူးတင်ကြသည်။ အိုဘယ့် ချစ်လှစွာသော အချင်း ... တိမ်တမန်။

(၅)

မေဃဒူတ၏ ရှေ့ပိုင်းဂါထာတို့၌ တွေ့ရသော ဖွင့်ဆိုချက်အစိတ်အပိုင်းမျှသာ ဖြစ်ပါ၏။ အသက်မဲ့မိုးတိမ်ကို သက်ရှိ နတ်ဒေဝါ တစ်ဦးပမာ တင်စား၍ ခံစားချက်ကို ဖွဲ့ဆိုသီကျူးရာ၌ မေဃဒူတကိုမီသည့် လင်္ကာမျိုး ရှားလိမ့်မည်ထင်သည်။ မေဃဒူတသည်ကား ကိုယ်တိုင်ကိုယ်ကျဖတ်၍ အရသာခံသင့်သည့် လင်္ကာရှည်ကြီး ဖြစ်သည်။

မိုးတိမ်၏ သွားရာလမ်းတစ်လျှောက်၌ ဖြတ်သန်းရသည့် တိုင်းဒေသကြီးများ၊ တောင်တန်းနှင့် မြစ်ချောင်းများ၊ ငှက်မျိုးစုံ၊ ပန်းမျိုးစုံတို့၏ အလှတရားများ၊ မုန်တိုင်းများ၊ လေပြည်လေညင်းများ၊ ကပွဲ၊ သေအရက်နှင့် နတ်နန်းများ၊ ဥယျာဉ်ခြံမြေနှင့် ဆိပ်ကမ်းသာများ၊ နှင်းဖုံးတောင်တန်းများ၊ နတ်ဒေဝတာနှင့် နတ်ကညာများ စသည်တို့ကို စီကာစဉ်ကာ တွေ့ရသည်။ ဒဏ္ဍာရီဖြစ်ရပ်မျိုးစုံတို့ကလည်း အံ့သြဘနန်း ထူးဆန်းထွေလာ။

“အိုဘယ့် .. တိမ်တမန်၊ ငါ၏ ချစ်ဇနီးထံသို့ သတင်းပေးရန် အလျင်အမြန် သွားစေလိုသော်လည်း သင်သည် လက်ထုတ်ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသော တောင်တို့မှာ ကြာမြင့်နေလိမ့်မည်ဟု ငါ ထင်ပါသည်။ မျက်လုံးတွင် မျက်ရည်ပြည့်နေသော မျက်ကွင်းဖြူ ဥဒေါင်းငှက်တို့က လောကွတ်ပိုကာ ကြိုဆိုကြပါသော်လည်း အမြန်သွားရန် ကြိုးစားသင့်ပါသည်” ဟု ယက္ခဆိုခဲ့သည်။ ယက္ခက မိုးတိမ်ကို မြေပြင်ပေါ်ရောက်အောင် ဆွဲချလိုက်သည်။ ထို့နောက် မိုးတိမ်ကို ခိုစီးကာ အာကာသအနှံ့ လှည့်လည်တော့သည်။ မေဃဒူတကို ဖတ်နေချိန်၌ အသင်ကိုယ်တိုင်လည်း ယက္ခဖြစ်ချင် ဖြစ်သွားနိုင်ပါသည်။