ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များတွင် လုံခြုံရေးအား စနစ်တကျဖြင့်စိစစ်နိုင်ရန် နိုင်ငံတကာ အတိုင်ပင်ခံအဖွဲ့များ ငှားရမ်းရန်လုပ်ဆောင်နေကြောင်း ဒုတိယဝန်ကြီး ပြောကြား

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များတွင် လုံခြုံရေးအား စနစ်တကျဖြင့်စိစစ်နိုင်ရန် နိုင်ငံတကာ အတိုင်ပင်ခံအဖွဲ့များ ငှားရမ်းရန်လုပ်ဆောင်နေကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 31 October 2017

နိုင်ငံတကာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်များတွင် လုံခြုံရေးကို ပီပီပြင်ပြင်နှင့် စနစ်တကျဖြင့် စိစစ်လုပ်နိုင်ရန်အတွက် နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့များ ငှားရမ်းရန် လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက သတင်းထောက်များအား ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် နိုင်ငံတွင်းရှိလေဆိပ်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးအား သတင်းထောက်များက မေးမြန်းသည်။

ဒုတိယဝန်ကြီး ဦးကျော်မျိုးက “နေပြည်တော်လေဆိပ်မှာ လက်နက်တွေမိတာကတော့ လေဆိပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်လို့မိတာပေါ့။ အပြင်ကနေ လေဆိပ်တစ်ခုထဲကို ဝင်လာတယ်ဆိုရင် ခရီးသည်တွေကို လေဆိပ်တိုင်းမှာ Check လုပ်တယ်။ နောက်တစ်ခါ ခရီးသည်အိတ်တွေကို X-Ray နဲ့ Check လုပ်တယ်။ ခရီးသည်တစ်ဦးချင်းကိုလည်း စစ်ဆေးမှုတွေလုပ်တယ်။ ဒါတွေကလည်း နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းပဲ။ လေယာဉ်ပေါ်တင်မယ့်လူနဲ့ ပစ္စည်းတွေကို စစ်ဆေးတာပေါ့နော်။ လေဆိပ်မှာမိတယ်ဆိုတာက ဒီလိုစိစစ်တဲ့အတွက်မိတာပါ။ အဲဒီတော့ လေဆိပ်မလာခင်ပါလာတာကတော့ လေဆိပ်အနေနဲ့က တားဆီးလို့မရဘူးပေါ့။ အဲဒါက ပြင်ပလုံခြုံရေးတွေ စိစစ်မှရတာပေါ့။ ဒါပေမဲ့ လေဆိပ်ထဲရောက်လာတာနဲ့ စစ်ဆေးလို့ အခုလိုမိတာပေါ့။ နိုင်ငံတကာလေဆိပ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ လုံခြုံရေးကို ပိုပြီးတော့ပီပီပြင်ပြင်စနစ်တကျနဲ့ စိစစ်လုပ်နိုင်ဖို့အတွက်က နိုင်ငံတကာကနေပြီးတော့ အတိုင်ပင်ခံအဖွဲ့တွေ ငှားရမ်းဖို့လုပ်နေပါတယ်။ လက်ရှိမှာလည်း နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လည်း နေပြည်တော်လေဆိပ်မှာ မိခဲ့တာပေါ့။ လေယာဉ်ပျံပေါ်ပါသွားရင်တော့ တစ်မျိုးပေါ့။ ဒါဆိုရင်တော့ လေဆိပ်ရဲ့လုံခြုံရေးအစီအမံတွေ အားနည်းလို့ပေါ့။ လေဆိပ်မှာမိတာကတော့ လေဆိပ်ရဲ့အစီအမံတွေ ကောင်းလို့မိတာပေါ့။ နိုင်ငံခြားက အတိုင်ပင်ခံအဖွဲ့တွေခေါ်ဖို့က စီစဉ်နေတုန်းပါ။ ဒီနှစ်အကုန်လောက်တော့ ဖြစ်နိုင်မယ်ထင်ပါတယ်။ လေယာဉ်ဆင်းသက်နိုင်တဲ့ ကွင်းပေါင်း ၃၃ ခုရှိပါတယ်။ လေယာဉ်ကွင်းပေါင်းကတော့ ၆၆ ခုရှိပါတယ်။ လက်ရှိအသုံးပြုနေတာက ၃၃ ကွင်းရှိပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။

လက်ရှိတွင် နိုင်ငံတကာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်များတွင် လေဆိပ်လုံခြုံရေးအစီအမံများအား နိုင်ငံတကာအတိုင်ပင်ခံအဖွဲ့များဖြင့် ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။