ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေး

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး ဖွင့်လှစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေး
Published 31 October 2017

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးစဉ်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးနှင့် ရခိုင်ပြည်နယ် ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းတို့အား ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “ရခိုင်ပြည်နယ်အတွင်းမှာ အခုလိုမျိုးရုံးခန်း ဖွင့်လှစ်ရတာကတော့ ပြည်ပရင်းနှီးမြှုပ်သူတွေနဲ့လည်း ဒီကလူတွေ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ပထမဆုံးအချက်ကတော့ လုပ်ငန်းအတော်များများကို တင်ပြအတည်ပြုလို့ရပြီဖြစ်တယ်။ ဒါကြောင့် ငွေကုန်ကြေးကျသက်သာပြီး အချိန်ကုန် လူပင်ပန်းတာ သက်သာမှာဖြစ်တယ်။ နောက်ပြီး မိမိလုပ်ငန်းနဲ့ပတ်သက်ပြီး မေးချင်တာတွေ၊ တိုင်ပင်ချင်တာတွေကိုလည်း ဒီမှာတင်လုပ်လို့ရတယ်။ ပြည်နယ်မှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သက်သာမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ နှစ်ပိုင်းရှိတယ်။ အမေရိကန်ဒေါ်လာ ငါးသန်းတစ်ခု၊ မြန်မာငွေ သန်းခြောက်ထောင်လောက်ကိုဆိုရင် ကုမ္ပဏီကို ဒီမှာအတည်ပြုလို့ရပါတယ်။ အဲဒါထက်ကျော်လွန်မှသာ ရန်ကုန်ကိုသွားရမှာဖြစ်တယ်။ နောက်ပြီး ရခိုင်ပြည်နယ်ဆိုတာက ကျောက်ဖြူအထူးစီးပွားရေးဇုန်လည်း လုပ်ဖို့ရှိတယ်ဆိုတော့ တိုင်းပြည်နယ်ရဲ့ အနာဂတ်မှာ အရေးပါလာမယ့် စီးပွားရေးဇုန်ဖြစ်တယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေလည်းဖြစ်လာမယ်၊ ခရီးသွားလုပ်ငန်းတွေလည်း ဖြစ်ထွန်းလာမယ်ဆိုတော့ စီးပွားရေးလုပ်ငန်း အလားအလာတွေ အများကြီးရှိပါတယ်။ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း အခုလိုမျိုးရုံးတွေ ဖွင့်လှစ်နေပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

ထို့ပြင် ကုမ္ပဏီများမှတ်ပုံတင်နိုင်ရေး ကိစ္စများတွင် ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နိုင်မည်ဖြစ်ပြီး အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ဝင်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ တိုက်ရိုက်ထိတွေ့နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသတွင်းမှ အလားအလာရှိသောလုပ်ငန်းများကို ဖော်ထုတ်လုပ်ကိုင်ရန်ဖြစ်ပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်အား အနီးကပ်ကူညီနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ရခိုင်ပြည်နယ်သည် တတိယနေရာတွင်ရှိကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ၂၉ ခုတွင် ၂၇ ခုမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့တွင် ရင်းနှီးထားသည်ကို တွေ့ရကြောင်း ပြောကြားသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီ ၇၇၁ ခုရှိတယ်။ တစ်နိုင်ငံလုံးရဲ့ တစ်ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒီနှစ်ပိုင်းတွေထဲမှာ ကုမ္ပဏီထူထောင်တဲ့ အရေအတွက်တော့ များလာတာကို တွေ့ရပါတယ်။ ဒီမှာဆိုရင် ဇုန်သုံးမျိုးခွဲထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ကုမ္ပဏီတွေဟာ ဇုန် (၁) မှာရှိနေတဲ့အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ရရှိမှာဖြစ်ပါတယ်။ ပြီးတော့ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍမှာ အားကောင်းနေတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်စီးပွားရေးကို မောင်းနှင်မယ့် ကဏ္ဍနှစ်ခုဖြစ်တယ်ဆိုတာကိုလည်း ပြောလိုပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။

ထို့နောက် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက မေးမြန်းလိုသည်များကို မေးမြန်းခြင်းများပြုလုပ်ခဲ့ပြီး မေးမြန်းမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်သုံးသပ်ဖြေကြားခဲ့ကြောင်း သိရသည်။