ပြည်တွင်းလုပ်ငန်းရှင်များသို့ နှစ်ဆင့်ချေးငွေ (Two Step Loan) ထုတ်ချေးနိုင်ရန် ဂျပန်အပြင် ဂျာမနီနှင့် ဆွေးနွေးလျက်ရှိ

ပြည်တွင်းလုပ်ငန်းရှင်များသို့ နှစ်ဆင့်ချေးငွေ (Two Step Loan) ထုတ်ချေးနိုင်ရန် ဂျပန်အပြင် ဂျာမနီနှင့် ဆွေးနွေးလျက်ရှိ
Published 30 October 2017

ပြည်တွင်းလုပ်ငန်းရှင်များသို့ နှစ်ဆင့် ချေးငွေ (Two Step Loan) များ ထုတ်ချေး နိုင်ရန်အတွက် ဂျပန်နိုင်ငံအပြင် ဂျာမနီနိုင်ငံတို့နှင့် ဆွေးနွေးလျက်ရှိကြောင်း စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက ပြောကြားသည်။

“ Two Step Loan ကတော့ ဂျပန် နိုင်ငံရဲ့ JICA ရဲ့ချေးငွေနဲ့အတူ ဂျာမနီရဲ့ KF ဆိုတဲ့ဟာနဲ့လည်း လုပ်နေတယ်။ အခုလည်း ဆက်လက်ပြီးတော့ ချေးငွေတွေပေးနေပါတယ်။ ချေးငွေတွေပေးတဲ့နေရာမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက မိမိတိုင်းဒေသကြီးအတွင်းမှာ တကယ်အလုပ်လုပ်နိုင်တဲ့သူ၊ တကယ်အလုပ်လုပ်နေတဲ့သူ၊ သူ့ကို ပံ့ပိုးပေးခြင်းအားဖြင့် သူပါတွဲဖက်ပြီးတော့ အခြားအခြားသော စီးပွားရေးလုပ်ငန်းတွေကိုပါ ဆက်လက်ပူးတွဲပြီး ရွေးချယ် ဆောင်ရွက်ဖို့ ညှိနှိုင်းနေပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးဦးကျော်ဝင်းက ဆိုသည်။

“အဲဒီမှာလည်း  Two Step Loan ဖြစ်တဲ့အတွက် လယ်ယာသုံးစက်ကိရိယာတွေ တမန်းနှိုးစက်၊ ကောက်စိုက်စက် အပါအဝင် ဆန်စက်လုပ်ငန်းရှင်များအထိ ချေးငွေတွေ ပေးနိုင်အောင် စဉ်းစားထားပါတယ်။ ဒီမှာလည်း နိုင်ငံတော်ရဲ့ဘဏ္ဍာငွေဟာ အကန့် အသတ်နဲ့သုံးစွဲနေရတဲ့အတွက်  တစ်ခါတစ်ရံမှာ အင်နဲ့အားနဲ့ ပုံအောပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းတွေရှိနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့စီးပွားရေးဘဏ်က ကျပ်ဘီလျံ ၇၀၀ ကို လယ်ယာကဏ္ဍအတွက် ဘီလျံ ၃၀၀၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ဘီလျံ၂၀၀၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများအတွက် ဘီလျံ ၂၀၀ ထုတ် ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

အဆိုပါ ချေးငွေများနှင့်ပတ်သက်ပြီး လယ်ယာကဏ္ဍ လုပ်ငန်းသုံးစက်ကိရိယာများ၊ မွေးမြူရေးနှင့်ပတ်သက်သည့် မွေးမြူရေး လုပ်ငန်းရှင်များ၊ ငါးပုစွန်မွေးမြူသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ တင်ပြကာ ချေးငွေများ ရယူနိုင်ကြောင်း သိရသည်။

ထို့ပြင် JICA ချေးငွေအစီအစဉ်ဖြင့်ပင် တောင်သူလယ်သမားများထံ နှစ်လတ် ချေးငွေများ ထုတ်ချေးပေးရန် စတင်စီစဉ်နေပြီး မြန်မာ့စီးပွားရေးဘဏ်၊ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် SMEs လုပ်ငန်းများသို့ အတိုး နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငွေကျပ် ဘီလျံ ၃၀ ကို ၂၀၁၅ - ၂၀၁၆ နှင့် ၂၀၁၆ - ၂၀၁၇ဘဏ္ဍာနှစ်တွင် ထုတ်ချေးပေးခဲ့ကာ JICA မှ သက်သာသော နှစ်ရှည်ချေးငွေရယူပြီး  SMEs များသို့ ပုဂ္ဂလိက ဘဏ်ခြောက်ဘဏ်မှ Two Step Loan  ချေးငွေအသွင်ဖြင့် နှစ်လတ် (၃ နှစ်မှ ၅နှစ် ထိ) ချေးငွေကျပ် ၅၇ ဘီလျံကို ထုတ်ချေး ပေးခဲ့သည်။ လက်ရှိတွင် ဒုတိယအဆင့် အနေဖြင့် ငွေကျပ် ၁၈၀ ဘီလျံခန့် ချေးငွေများ ထုတ်ချေးပေးနိုင်ရန်  JICA နှင့် ဆွေးနွေး ညှိနှိုင်းနေကြောင်း သိရသည်။

 

 

Most Read

Most Recent