နေပူရှိန်ပြင်းထန်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ရေကန်‌ရေခမ်း‌ခြောက်မှုများရှိလာသဖြင့် သောက်သုံး‌ရေအကူအညီလိုအပ်သည့် ကျေးရွာများရှိနေ

နေပူရှိန်ပြင်းထန်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ရေကန်‌ရေခမ်း‌ခြောက်မှုများရှိလာသဖြင့် သောက်သုံး‌ရေအကူအညီလိုအပ်သည့် ကျေးရွာများရှိနေ
Published 10 May 2024

နေပူရှိန်ပြင်းထန်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၌ ရေကန်ရေခမ်းခြောက်မှုများရှိလာသဖြင့် သောက်သုံးရေအကူအညီလိုအပ်သည့်ကျေးရွာများရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ကန်ကြီးထောင့်၊ ငပုတော၊ လပွတ္တာ၊ ဖျာပုံစသည့်မြို့နယ်များရှိ လိုအပ်သည့်နေရာများတွင် ရေလှူဒါန်းပေးနေကြောင်းလည်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်ထားသည်။

လပွတ္တာမြို့နယ်၌ ရေလှူဒါန်းပေးနေမှုအခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကို ထံဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက "အဓိကကတော့ လပွတ္တာနဲ့ မြောင်းမြကြားကရွာတွေမှာ ရေလိုတာပါ။ ကျွန်တော်တို့လှူတာ သုံးရက်ဆက်တိုက်ရှိပါပြီ။ ရေဆိုင်အုပ်စုက ကန့်ကော်ကုန်းကျေးရွာ၊ အပြင်ရေဆိုင်ကျေးရွာ၊ ကျောက်ဖျာလေးကျေးရွာ၊ ကျောက်ကွင်းကျေးရွာတွေမှာတော့ လှူပြီးသွားပါပြီ။ ရာသီဥတုကပူတော့ ကန်တွေ ရေခမ်းတာပေါ့။ မိုးက မရွာသေးဘူး။ ရေလိုအပ်ချက်ကတော့ သောက်ရေအဓိကလိုအပ်ကြတာပါ"ဟု ဖြေကြားသည်။

ထို့နည်းတူ ဧရာဝတီတိုင်းဒေသကြီးအထက်ပိုင်းကြံခင်းမြို့နယ်ဘက်၌လည်း ရေအခက်အခဲရှိသည့် ကျေးရွာအချို့ရှိနေကြောင်း သိရသည်။

 "ကျွန်တော်တို့ဒေသဘက်မှာလည်း ရေလိုအပ်ချက်ရှိလို့ အလှည့်ကျကူညီပေးနေရတာ ရွာ()ရွာရှိပါတယ်။ ရိုးမဘက်ခြမ်းကလည်းပါတယ်။ အတွင်းဘက်ခြမ်းလည်းပါတယ်။ ဘက်ရဲမြို့နဲ့နီးတဲ့နေရာတောင် (၁၆)မိုင်လောက်သွားရတယ်။ ရိုးမဘက်ခြမ်းနေရာတွေဆို ပိုဝေးတာပေါ့။ ဒီဘက်မှာ မိုးလုံးဝမရသေးဘူး။ အပူရှိန်ကပြင်းတော့ စိမ့်စမ်းတွေခမ်းကုန်တာပါ့။ အဲရွာတွေမှာ သောက်ရေရော သုံးရေရောလိုအပ်နေတာပေါ့။ ကျွန်တော်တို့အဖွဲ့မှာရှိတဲ့ ဘောက်ဆာပုံစံလုပ်ထားတဲ့ကားတစ်စီးနဲ့ သွားလို့ရသ လောက် ကြိုးပမ်းကူညီပေးနေပါတယ်။ အခမဲ့ ရေလှူပေးနေတာပါ"ဟု ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ ဆေဝါရာဇာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်အောင်မိုးက ဖြေကြားသည်။

လက်ရှိရာသီဥတုအခြေအနေမှာ ပူပြင်းနေဆဲဖြစ်ပြီး မိုးရေလုံလောက်စွာမရခင်အချိန်ထိ ရေလိုအပ်ချက်ရှိနိုင်သေးကြောင်း သိရသည်။

 

Most Read

Most Recent