ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေများကို မြေနေရာဦးရယူထားပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများအား ပြန်လည်သိမ်းယူမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေများကို မြေနေရာဦးရယူထားပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့် မြေနေရာများအား ပြန်လည်သိမ်းယူမည်
Published 29 October 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်းများအား သစ်တောစိုက်ခင်းများ စိုက်ပျိုးရန်နှင့် အခြားသောလုပ်ငန်းများ လုပ်ဆောင်အတွက်ဟုဆိုကာ လယ်ယာမြေများ အပါအဝင် မြေနေရာများအား ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိပါက ဥပဒေအတိုင်း ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။

မြေလွတ်မြေရိုင်းများအား သစ်တောစိုက်ခင်းများ စိုက်ပျိုးရန်ဟုဆိုကာ လျှောက်ထားပြီးနောက် လုပ်ငန်းအကောင်အထည်ဖော်ခြင်းမရှိသည့် မြေနေရာများနှင့် စီမံကိန်းများ လုပ်ဆောင်ရန်ဟုဆိုကာ လယ်ယာမြေများ ရယူထားပြီးနောက် စီမံကိန်းများ လုပ်ဆောင်ခြင်းမရှိသည့် မြေနေရာများအား ဥပဒေအရ စစ်ဆေးဆောင်ရွက်၍ ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း၊ မြေနေရာများကို ရယူထားပြီးနောက် မည်သည့်လုပ်ငန်းများမှ လုပ်ဆောင်ထားခြင်းမရှိသည်မှာ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားများကိုပါ ကျဆင်းစေပြီး မြေနေရာဦးထားသကဲ့သို့ ဖြစ်နေသောကြောင့် ဥပဒေအရ စစ်ဆေးဆောင်ရွက်ကာ ပြန်လည်သိမ်းဆည်းမည်ဖြစ်ကြောင်း ဝန်ကြီးဦးဘဟိန်းက The Daily Eleven Media မှတွေ့ဆုံမေးမြန်းရာတွင် ဖြေကြားခဲ့သည်။

“ဥပဒေအရပဲ ဥပဒေကိုကျော်လုပ်လို့မရဘူး။ ဥပဒေအတိုင်းပဲ သွားရမယ်။ မြေနေရာ ယူထားတယ်။ သူတို့လည်း ဘာမှမလုပ်ဘူးဆိုရင် တကယ်လယ်ယာစိုက်ပျိုးချင်တဲ့သူလည်း စိုက်ပျိုးမရဘူး။ ကုန်ထုတ်စွမ်းအားတွေ ကျဆင်းတယ်။ မြေနေရာ ဦးထားသလိုဖြစ်နေတယ်။ စိစစ်နေတယ်။ ဥပဒေအရပဲ လုပ်သွားရမှာပဲ။ သိမ်းတယ်ဆိုတာ ဥပဒေအရလုပ်ထားလား မလုပ်ထားလား ကြည့်ပြီးတော့ လုပ်ရမယ်။ တကယ်စိုက်ပျိုးနေလား ကြည့်ရမယ်။ တကယ်လုပ်နေလား ကြည့်ရမယ်” ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေလွတ်မြေရိုင်းများအား ရယူထားပြီးနောက် မြေနေရာများ လျှောက်ထားခဲ့စဉ်က တင်ပြထားခဲ့သည့်အတိုင်း လုပ်ဆောင်ထားခြင်းမရှိသည့် မြေနေရာအများအပြားရှိနေပြီး အချို့သောစီမံကိန်းများမှာ စီမံကိန်းများ စတင်ထားသည်ဟုဆိုကာ အမည်တပ်ထားပြီးနောက် မည်သည့်လုပ်ငန်းမျှ ဆက်လက်လုပ်ကိုင်ခြင်းမရှိသေးဘဲ မြေနေရာအများအပြား ရယူထားသည့် ဖြစ်စဉ်များလည်းရှိနေကြောင်း သိရသည်။ မင်းသူဝင်းထွဋ်