ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် မြန်မာအစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှု ဆက်လက်ရှိနေသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြောကြား

ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် မြန်မာအစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှု ဆက်လက်ရှိနေသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြောကြား
Published 8 October 2017

ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာများဟု သုံးနှုန်းထား) ကို ပြန်လည်လက်ခံရန် မြန်မာအစိုးရအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှု ဆက်လက်ရှိနေသင့်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့ကြောင်း dhakatribune သတင်းအရ သိရသည်။

“နေပြည်တော်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ၎င်းတို့ရဲ့ အတင်းအကျပ် နေရပ်စွန့်ခွာရတဲ့ ဘင်္ဂါလီတွေ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ကို ပြန်လည်လက်ခံဖို့အတွက် မြန်မာအစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုဟာ ဆက်လက်ရှိနေသင့်ပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များ (မူရင်းတွင် ရိုဟင်ဂျာဒုက္ခသည်များဟု သုံးနှုန်းထား) ကို စာရင်းရေးသွင်းရာတွင် အတင်းအကျပ် နေရပ်စွန့်ခွာရသည့် မြန်မာနိုင်ငံသားများအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုးရက သတ်မှတ်ခဲ့သည်။

ဘေးအန္တရာယ် စီမံခန့်ခွဲမှုဝန်ကြီး Mofazzal Hossain Chowdhury Maya က ကော့ဘဇားရှိ ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာပြီးနောက် အောက်တိုဘာ ၅ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်သည် ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာများဟု သုံးနှုန်းထား) ကို အတင်းအကျပ် နေရပ်စွန့်ခွာရသည့် မြန်မာနိုင်ငံသားများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းနှင့် ထိုသို့သတ်မှတ်မှုကို ယနေ့မှစတင်မည်ဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီး Mofazzal Hossain Chowdhury Maya က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ငါးသိန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ထိုသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

Sputnik နှင့် သီးသန့်အင်တာဗျူးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ပြန်ကြားရေး ဒုတိယအတွင်းဝန် နာရူးအစ္စလာမ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ဘင်္ဂါလီဒုက္ခသည်များ (မူရင်းတွင် ရိုဟင်ဂျာဒုက္ခသည်များဟု သုံးနှုန်းထား) ကို ပြန်လည်ပို့ဆောင်ရေး အလေးအနက်ထားကာ အဆိုပြုထားကြောင်း၊ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စောင့်မျှော်နေကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Mr. Abdul Hassan Mahmood Ali ၏ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ သွားရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် အောက်တိုဘာ ၂ ရက်တွင်တွေ့ဆုံကာ မကြာသေးမီက ရခိုင်ပြည်နယ်၌ နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့မှုများအား ဖြေရှင်းရေး ကိစ္စရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်များအား စိစစ်ရန်နှင့် ပြန်လည်ပို့ဆောင်ရန်ကိစ္စများ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ ခုနှစ် စက်တင်ဘာမှစ၍ ၂၀၀၅ ခုနှစ် ဇူလိုင်အထိ အိမ်ထောင်စု ၄၆,၉၉၃ စုမှ လူဦးရေ ၂၃၆,၄၉၅ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှရရှိခဲ့သည့် နှစ်ဖက်သဘောတူညီချက်များအတိုင်း ကွဲကွာနေသော မိသားစုများနှင့် ကျန်ရှိနေသော မိသားစုဝင်များကို ပြန်လည်ပို့ဆောင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ အသိအမှတ်ပြုသော တရားဝင်စာရွက်စာတမ်းများ တင်ပြန်ရန် လိုအပ်ကြောင်း၊ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကို နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းသွားနိုင်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုကို အလေးထားကြောင်းနှင့် ထိန်းသိမ်းရန် ဆန္ဒရှိပါကြောင်း၊ Arakan Rohingya Salvation Army (ARSA) အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး၏ ဘုံရန်သူအဖြစ် ခံယူကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများအပေါ် လုံးဝလက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။

Most Read

Most Recent