ပြည်တွင်းဆန်ဈေးနှုန်း ပြန်လည်ကျဆင်းအောင် ဈေးချဝယ်နေသည့်အတွက် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ယခင်ထက် ရာခိုင်နှုန်း ၄၀ အထိ လျော့ကျ

ပြည်တွင်းဆန်ဈေးနှုန်း ပြန်လည်ကျဆင်းအောင် ဈေးချဝယ်နေသည့်အတွက် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု ယခင်ထက် ရာခိုင်နှုန်း ၄၀ အထိ လျော့ကျ
ဧရာဝတီတိုင်းဒေသကြီးရှိ ရိတ်သိမ်းပြီးစပါးများကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ဧရာဝတီတိုင်းဒေသကြီးရှိ ရိတ်သိမ်းပြီးစပါးများကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
Published 14 October 2018

ပြည်တွင်းဆန်ဈေးနှုန်း ပြန်လည်ကျဆင်းအောင် ဈေးချဝယ်နေသည့်အတွက်  ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ ဆန်ဝင် ရောက်မှုသည် ယခင်ထက် ရာခိုင်နှုန်း ၄၀ အထိလျော့ကျနေကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“ဆန်ဈေးက ဈေးနှုန်းချတာများသွားတော့ နယ်ကုန်သည်တွေက စပါးဈေးက ချက်ချင်းချလို့ မရတော့လေ မကိုက်ဘူးပေါ့။ နည်းနည်း ရှုံးသွားတာပေါ့။ အဲဒီတော့ ဆန်တစ်အိတ်ကို အခုအောက်တိုဘာ  ၁ ရက် နောက်ပိုင်းမှာ တစ်အိတ်ကို နှစ်ထောင် လောက်ကျသွားတာလေ။ အခုလက်ရှိက အဝင်နည်းနည်းလေး လျော့သွားတယ်” ဟု  ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ယခင်က ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ တစ်ရက်ကို ဆန်အိတ်အရေအတွက် ငါးသောင်း ပုံမှန်ဝင်ရောက်မှုရှိသော်လည်း လက်ရှိအချိန်တွင်မှု တစ်ရက်ကို ဆန်အိတ်အရေအတွက် သုံးသောင်းခန့်သာဝင်ရောက်မှုရှိသည့်အတွက် ယခင်ထက် ရာခိုင်နှုန်း ၄၀ အထိလျော့နေခြင်းဖြစ်ကြောင်း သိရသည်။

“အရင်က တစ်ရက်ကို ဆန်အိတ် ငါး သောင်း လောက်ဝင်နေတာကနေ သုံးသောင်းလောက်ပဲ ဝင်တော့တယ်။ အဓိက,က အကျပဲ ဝယ်လိုအားနည်းပြီးတော့ ရောင်းလိုအားက များလာတာ ရောင်းလိုအား ဒီနေ့ဆို လျော့သွားပြီးတော့ ဝယ်လိုအားနဲ့ရောင်းလို အားမျှသွားတော့ ထပ်မကျဘူး”  ဟု ဦးသန်းဦးက ပြောကြားသည်။

သို့သော်လည်း လာမည့်တနင်္လာနေ့တွင် ဆန်ဝင်ရောက်မှု ပြန်လည်မြင့်တက် လာမည်ဆိုပါက ဆန်ဈေးနှုန်းကို ထပ်မံချ သွားမည်ဖြစ်ကြောင်း သိရသည်။

“တနင်္လာနေ့ အဝင်များရင်တော့ ဈေး နှုန်းထပ်ချဖို့ရှိတယ်”  ဟု ဦးသန်းဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ၂၅ မှတ် ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၂,၀၀၀ ကျပ်နှင့် ၅ မှတ် ဆန်တစ်အိတ်လျှင်၂၃,၃၀၀ ကျပ် ဈေးနှုန်း အသီးသီးရှိကြောင်း သိရသည်။