ကိုဗစ်-၁၉ ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသည့် လုပ်ငန်းများ ဇူလိုင် ၁ ရက်မတိုင်မီ ပြန်လည်ပေးဆပ်ရမည်

ကိုဗစ်-၁၉ ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသည့် လုပ်ငန်းများ ဇူလိုင် ၁ ရက်မတိုင်မီ ပြန်လည်ပေးဆပ်ရမည်
Published 6 June 2024

ကိုဗစ်-၁၉ ချေးငွေများ သက်တမ်းသုံး နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် ချေးငွေပြန်ဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မတိုင်မီ ပြန်လည်ပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့သည်။ ချေးငွေသက်တမ်း တစ်နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ခြောက်လ၊ ဒုတိယအကြိမ် ခြောက်လနှင့် တတိယအကြိမ် တစ်နှစ်နှင့် စုစုပေါင်းသုံးနှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါတွင် ချေးငွေသက်တမ်း သုံးနှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန်ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေအတိုး/အရင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မတိုင်မီ အမြန်ဆုံး အပြေအကျေ ပြန်လည်ပေးဆပ်ပါရန် ကော်မတီက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပသည့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၀)၏ ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလောစီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့်လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်းကျပ် ဘီလျံ ၁၀၀ ကို ကနဦးမတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်ခဲ့သည်။

အဆိုပါရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်းတစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ထုတ်ချေးခဲ့ပြီး စီးပွားရေးထိခိုက်မှုအပေါ်မူ တည်၍ အတိုးနှုန်းနှင့်ချေးငွေကာလကို လိုအပ်သလိုပြန်လည်သုံးသပ်ခဲ့သည်။

ယင်းနောက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ခဲ့ရသည့် နိုင်ငံပိုင်ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍ၊ ရုပ်ရှင်နှင့်မီဒီယာကဏ္ဍ စသည်တို့ကိုလည်း ချေးငွေများ ထုတ်ချေးခဲ့သည်။

Most Read

Most Recent