၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်

၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်
Published 31 May 2024

၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ (၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ(ခ)ကို ရည်ညွှန်း၍ “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် လိုင်စင်မရရှိဘဲ တင်သွင်းပြီး ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်” ဟု ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၈ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်(၅၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် သွင်းကုန်လိုင်စင်(ပါမစ်အပါအဝင်) ခွင့်ပြုချက်မရမီ ဆိပ်ကမ်း၊ လေဆိပ်သို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက  အဆိုပါတင်သွင်းသော ကုမ္ပဏီကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏  ၅-၄-၂၀၂၂ ရက်စွဲပါ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ(၆/၂၀၂၂)ဖြင့် လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၏ ၅-၄-၂၀၂၄ ရက်စွဲပါ အသိပေးကြေညာချက်ဖြင့်လည်းကောင်း ထပ်မံအသိပေးထုတ်ပြန်ထားပြီဖြစ်သည်။

သိို့ဖြစ်ရာ ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်(ပါမစ်အပါအဝင်) ခွင့်ပြုချက်မရမီ ဆိပ်ကမ်း၊ လေဆိပ်သို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက အဆိုပါသွင်းကုန်ပစ္စည်းများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ ကျန်ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော ကုမ္ပဏီများကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသော ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်းဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီးဖြစ်သည်။

Most Read

Most Recent