မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည့် လေ့လာရေးခရီးစဉ် ရာသီဥတု အခြေအနေကြောင့် လာမည့် တနင်္လာနေ့သို့ ရွှေ့ဆိုင်း

မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည့် လေ့လာရေးခရီးစဉ် ရာသီဥတု အခြေအနေကြောင့် လာမည့် တနင်္လာနေ့သို့ ရွှေ့ဆိုင်း
Published 28 September 2017

မြန်မာအစိုးရဖက်မှ တာဝန်ရှိသူများနှင့် သံတမန်များ ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများ၏ ရခိုင်ပြည်နယ် မောင်တောဒေသသို့ စက်တင်ဘာ ၂၈ ရက်တွင် သွားရောက်မည့် လေ့လာရေးခရီးစဉ်သည် ရခိုင်ပြည်နယ်၏ ရာသီဥတု အခြေအနေကြောင့် လာမည့် တနင်္လာနေ့ (အောက်တိုဘာ ၂ ရက်) သို့ ရွှေ့ဆိုင်းလိုက်သည်။

''ရာသီဥတု အခြေအနေအရ ခရီးစဉ်ကို ကျွန်တော်တို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ အားလုံးကလည်း ရွှေ့ဆိုင်းတယ် ဆိုတာလည်း သံတမန်အဖွဲ့ကနေပြီးတော့ မေတ္တာရပ်ခံလို့ပါ။ ကျွန်တော်တို့ကတော့ ဆက်စောင့်မယ်ဆိုလည်း စောင့်ပေးမယ်။ လုပ်ပေးပါမယ်လို့ ပြောပါတယ်။ သို့ရာတွင် သံတမန်အဖွဲ့ကနေပြီးတော့ နောက် reschedule လုပ်ပေးပါဆိုလို့ အဲဒါနဲ့ တနင်္လာနေ့ကို ကျွန်တော်တို့ ပြန်ပြောင်းထားပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသိန်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ခရီးစဉ်အတွက် ဖိတ်ကြားထားသည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများမှာ ၄၈ ဦးဖြစ်ပြီး မောင်တောဒေသတွင် သွားရောက် ကြည့်ရှုရန်နေရာ ခြောက်နေရာကို စီစဉ်သတ်မှတ်ထားကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ ခရီးစဉ်အတွင်း လိုက်ပါမည့် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများတွင် ဗြိတိန်၊ အမေရိကန်၊ နယူးဇီလန်နှင့် စင်ကာပူတို့မှ သံအမတ်ကြီးများလည်း ပါဝင်သည်ကို တွေ့ရသည်။

သံတမန်အဖွဲ့က ခရီးစဉ်နှင့် ပတ်သက်၍ အဖွဲ့အတွင်း သဘောထားဆန္ဒ ရယူနေသည်ကို တွေ့ရစဉ်

ခရီးစဉ်အတွင်း လိုက်ပါမည့် သံရုံးများနှင့် UN အဖွဲ့အစည်းများမှ အကြီးအကဲများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၅ နာရီခန့်မှ စတင်ရောက်ရှိလာခဲ့ကြပြီး လေယာဉ်ထွက်ခွာရန် သတ်မှတ်ထားသည့်အချိန် နံနက် ၆ နာရီခွဲအထိ ရခိုင်ပြည်နယ်တွင် ရာသီဥတု မကောင်းမှုကြောင့် လေယာဉ်ထွက်ခွာမည့်အချိန်ကို နောက်ဆုတ်ခဲ့ရာမှ နံနက် ၈ နာရီဝန်းကျင်အထိ ရာသီဥတု မကောင်းသဖြင့် မြန်မာအစိုးရဖက်မှ တာဝန်ရှိသူများနှင့် သံတမန်များသည် ခရီးစဉ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။ ထို့နောက် သံတမန်အဖွဲ့က အဖွဲ့အတွင်း သဘောထားဆန္ဒ ရယူပြီး အများစုသဘောဆန္ဒအရ ခရီးစဉ်ကို လာမည့် တနင်္လာနေ့သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ သွားရောက်ရာတွင် ခရီးသည်တင်လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ပြီး စစ်တွေမှတစ်ဆင့် မောင်တောဒေသအတွင်း သွားရောက်ကြည့်ရှုရာတွင် ရဟတ်ယာဉ်သုံးစင်းဖြင့် သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

''ခရီးစဉ် ရွှေ့ဆိုင်းတာကတော့ ကျွန်တော်တို့ဖက်က ရွှေ့ဆိုင်းတာ မဟုတ်ပါဘူး။ ရာသီဥတု အခြေအနေကြောင့် မသွားနိုင်တာကို ပြောင်းပေးဖို့ ဆိုတာဟာ သံတမန်အဖွဲ့ကနေပြီးတော့ request လုပ်တဲ့ဟာကို ကျွန်တော်တို့က follow လုပ်ပေးတာပေါ့။ ကျွန်တော်တို့ကတော့ ဆက်စောင့်ဆိုလည်း စောင့်ပေးမယ်ဆိုတာ ပြောပါတယ်။ တနင်္လာနေ့ကို သူတို့က ပြန်ပြီး လုပ်ပေးပါဆိုလို့ မြန်မာဖက်ကလည်း သံတမန်အဖွဲ့ရဲ့ တောင်းဆိုချက်အတိုင်း လုပ်ပေးပါမယ်ဆိုပြီး လိုက်လျောလိုက်ပါတယ်''ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည့် လေ့လာရေးခရီးစဉ် ရွှေ့ဆိုင်းလိုက်ပြီးနောက် တွေ့ရသော သံတမန်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တွေ့ရစဉ်

ခရီးစဉ်အတွင်း လိုက်ပါမည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြင်တွေ့ခဲ့ရသည်။ ထို့ပြင် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများလည်း ပါဝင်သည်ကို ခရီးစဉ်တွင် လိုက်ပါမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းအရ သိရသည်။

စက်တင်ဘာ ၂၈ ရက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်မည့် ခရီးစဉ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အမှာစကား ပြောကြားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမည့်ရက်နှင့်လည်း တိုက်ဆိုင်နေသည်။

အဆိုပါ အစည်းအဝေးကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ မဟုတ်သည့် အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနှင့် ဆွီဒင်နိုင်ငံတို့က အစည်းအဝေးခေါ်ယူရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent