ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဉ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆိုခြောက်ခု အတည်ပြုခဲ့

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဉ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆိုခြောက်ခု အတည်ပြုခဲ့
Published 12 September 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ပဉ္စမပုံမှန် အစည်းအဝေးအထိ အဆို ၁၂ ခု တင်သွင်းခဲ့ပြီး အဆို ခြောက်ခု အတည်ပြုခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုအား မှတ်တမ်းတင်ခဲ့ကြောင်း၊ ဒုတိယပုံမှန် အစည်းအဝေးကာလတွင် အဆို သုံးခု တင်သွင်းခဲ့ကာ အဆိုတစ်ခု အတည်ပြု၊ အတည်မပြုသည့် အဆိုတစ်ခုနှင့် မှတ်တမ်းတင်သည့် အဆိုတစ်ခု ရှိခဲ့ကြောင်း၊ တတိယပုံမှန် အစည်းအဝေးတွင်မူ အဆိုတစ်ခု တင်သွင်းခဲ့ပြီး ယင်းအဆိုအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စတုတ္ထပုံမှန် အစည်းအဝေးတွင်မူ အဆိုတစ်ခု တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ကြောင်း၊ ပဉ္စမပုံမှန် အစည်းအဝေးကာလတွင် အဆို ခြောက်ခု တင်သွင်းခဲ့ကာ အဆိုလေးခုအား အတည်ပြုကာ မှတ်တမ်းတင်သည့် အဆိုတစ်ခုနှင့် ဆောင်ရွက်ရန် အဆိုတစ်ခု ကျန်ရှိကြောင်း သိရသည်။

ပဉ္စမပုံမှန် အစည်းအဝေးကာလတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ ဒေါက်တာ တင်တင်ဝင်း တင်သွင်းခဲ့သည့် ထောင်စုနှစ် ရည်မှန်းချက် ၁၇ ချက်မှ စတုတ္ထအချက် ဖြစ်သော Ouality Education အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေ ဘာသာရပ်အခန်း၌ “မျိုးဆက်ပွားကျန်းမာရေး” “ပြည်သူ့နီတိ” “ဒီမိုကရေစီ” တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက် သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက် ပေးစေလိုကြောင်းအဆိုမှာ မှတ်တမ်းအဖြစ် ထားရှိခဲ့ပြီး အဆိုရှင်က အကြောင်းကြောင်းကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးအောင်သိန်း တင်သွင်းခဲ့သည့် မြန်မာနိုင်ငံရှိ မြို့ကြီး တော်တော်များများတွင် စီးပွားဖြစ် ဂိမ်းဆိုင်များ ဖွင့်လှစ်နေပြီး အကြွေစေ့သုံး လောင်းကစားဆိုင်များကို စိစစ်ဖော်ထုတ် ပိတ်သိမ်း အရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေးရန် အဆိုအား လွှတ်တော်က အတည်ပြုခဲ့သည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါက်တာဝင်းမြင့် တင်သွင်းခဲ့သည့် ပြီးပြည့်စုံသည့် ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖွင့်လှစ်ပေးရန် အဆိုမှာလည်း အတည်ပြုခဲ့သည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) မှ ဦးခင်မောင်လတ် တင်သွင်းခဲ့သည့် မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် အဆိုမှာလည်း လွှတ်တော်၌ အတည်ပြုခဲ့သည်။

ပဉ္စမပုံမှန် အစည်းအဝေး ပြီးဆုံးခါနီးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးခင်မျိုးဝင်း တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းနှင့်ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ငါးနှင့်ရေသယံဇာတများမှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ မြန်မာ့ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် မြန်မာ့ပင်လယ် ကမ်းနီးကမ်းဝေးမှ ဖမ်းဆီးရရှိလာသော ငါးနှင့်ရေသယံဇာတများကို စစ်ဆေးရေး ဂိတ်များရှိသော ငါးတင်/ ငါးချ ဆိပ်ကမ်းများပေါ်တွင် တင်ဆောင်ပြီး သေချာစိစစ် ကြပ်မတ်စစ်ဆေး မှတ်တမ်းတင်ပြီးမှသာ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB , CIF ကဲ့သို့သော ငါးသယ်လှေများဖြင့် ပို့ဆောင်ခွင့်ပြုရန် အဆိုမှာ ဆွေးနွေးရန် အတည်ပြုခဲ့သော်လည်း ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေကြောင်း သိရသည်။

Most Read

Most Recent