ဂါဇာကမ်းမြောင်သို့ စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီများ ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန် အမေရိကန်က အီဂျစ်ကို တိုက်တွန်း

ဂါဇာကမ်းမြောင်သို့ စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီများ ရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရန် အမေရိကန်က အီဂျစ်ကို တိုက်တွန်း
ဂါဇာ၌ ယာယီဆောက်ထားသော ဆိပ်ခံတံတားပေါ်မှာ အကူအညီများတင်လာသော ထရပ်ကားကို မေ ၁၉ ရက်တွင်တွေ့ရစဉ်(Photo: Reuters)
ဂါဇာ၌ ယာယီဆောက်ထားသော ဆိပ်ခံတံတားပေါ်မှာ အကူအညီများတင်လာသော ထရပ်ကားကို မေ ၁၉ ရက်တွင်တွေ့ရစဉ်(Photo: Reuters)
Published 23 May 2024

လူသားချင်းစာနာမှုအကူအညီများ ဂါဇာကို ရောက်ရှိသွားစေရေးအတွက် အီဂျစ်ဘက်က လုပ်နိုင်သည့် ကိစ္စအားလုံးကို ဆောင်ရွက်ပေးရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအန်တိုနီယိုဘလင်ကင်ကတိုက်တွန်း လိုက်သည်။

ဂါဇာကမ်းမြောင်သို့ပို့ဆောင်မည့် စားနပ်ရိက္ခာနှင့် ဆေးဝါးများအီဂျစ်ဘက်တွင် စုပုံလျက်ရှိစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

ဂါဇာတောင်ပိုင်းရှိ ရာဖာနယ်စပ်ဂိတ်ကို မေ ၇ ရက်တွင် အစ္စရေးစစ်တပ်ကသိမ်းပိုက်ထားပြီးနောက် ယင်းဂိတ်ကို ပိတ်ထားဆဲဖြစ်သည်ဟု အောက်လွှတ်တော် ကြားနာပွဲတွင် ဘလင်ကင်က ပြောကြားခဲ့သည်။

ရာဖာနယ်စပ်ဖြတ်သန်းရေးဂိတ်၏  အနီးတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းက အကူအညီများပေးပို့မှုကို အခက်အခဲများ ဖြစ်ပေါ်စေသည်ဆိုသော်လည်း အကူအညီများသည် နယ်စပ်ဂိတ်ကို ဖြတ်သန်းနိုင်ဆဲ ဖြစ်သည်ဟု ဘလင်ကင်က ပြောကြားခဲ့သည်။ ရာဖာအနီ်းတွင် ဖွင့်ထားသော ခါရမ်ရှာလွန်ဂိတ်ကို ဘလင်ကင်က ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရာဖာကို ဖြတ်သန်းသွားမယ့် အကူအညီတွေဟာ ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်အောင် ကျွန်တော်တို့ နည်းလမ်းရှာဖို့လိုအပ်နေပါတယ်။ ဒါပေမဲ့ အဲဒီအကူအညီတွေ ရောက်သွားစေဖို့ တတ်နိုင်တာအားလုံးကို လုပ်ပေးဖို့ ကျွန်တော်တို့ရဲ့အီဂျစ်မိတ်ဖက်တွေကို ကျွန်တော်တို့ အင်တိုက်အားတိုက်တိုက်တွန်းပါတယ်”ဟု ဘလင်ကင်က ပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို လက်စားချေသည့်အနေဖြင့် အစ္စရေးသည် ပါလက်စတိုင်းပြည်သူ ၂ ဒသမ ၃ သန်း နေထိုုင်သော ဂါဇာကမ်းမြောင်တွင် ဟားမာ့စ်ကို တိုက်ခိုက်လျက်ရှိသည်။

အစ္စရေးက ရာဖာ၌ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသောကြောင့် ဂါဇာတောင်ပိုင်းသို့ အကူအညီများ ရောက်ရှိရေးသည် အနှောင့်အယှက်များရှိနေသည်။ အစ္စရေး၏ရာဖာစစ်ဆင်ရေးကြောင့် ပါလက် စတိုင်းပြည်သူ ၉၀၀,၀၀၀ သည် ထွက်ပြေးခဲ့ရပြီး အီဂျစ်နိုင်ငံနှင့်လည်း တင်းမာမှုများ မြင့် တက်ခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ရာဖာနယ်စပ်ဂိတ်၌ အစ္စရေးစစ်တပ် ရှိနေခြင်းကို လက်ခံလိုက်သည့် အဓိပ္ပာယ်ဖြစ် သွားလိမ့်မည်ဖြစ်သောကြောင့် အီဂျစ်သည် ရာဖာကို ဖြတ်သန်း၍အကူအညီများရောက်သွားအောင် လုပ်မပေးနိုင်ဟု အီဂျစ်လုံခြုံရေး သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။ ရာဖာနယ်စပ်ဂိတ်၌ အစ္စရေးစစ်တပ် ချထားခြင်းကို အီဂျစ်က ဆန့်ကျင်ထားသည်။

အစ္စရေး စစ်တပ်ရှိနေခြင်းနှင့် အစ္စရေးစစ်ဆင်ရေးတို့က ကုန်တင်ကားမောင်းသော ကားသမားများကို အန္တရာယ်ကျရောက်စေသည်ဟု မေ ၂၂ ရက်တွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ကြန့်ကြာမှုများဖြစ်နေခြင်းသည် အီဂျစ်၏အမှားဖြစ်သည်ဟု အစ္စရေး မဟာဗျူဟာမြောက်ရေးရာဝန်ကြီး ရွန်ဒါမားက MSNBS ၏ Morning Joe အစီအစဉ်ကို ပြောကြားခဲ့သည်။

“လက်ရှိမှာ အီဂျစ်ဟာ ဂါဇာကိုသွားမယ့် ရိက္ခာတင်ထရပ်ကား ၂,၀၀၀ ကို ပေးမသွားပါဘူး”ဟု ၎င်းကပြောသည်။

Ref: Reuters

Most Read

Most Recent