ဘန်လေအသင်းနှင့် တန်းဆင်းထားရသည့် ကွန်ပနီကို ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် ခန့်အပ်ရန် နှုတ်အားဖြင့် သဘောတူညီမှုရထားပြီး ယခုရက်သတ္တပတ်ကုန်တွင် အတည်ပြုကြေညာနိုင်ဖွယ်ရှိ

ဘန်လေအသင်းနှင့် တန်းဆင်းထားရသည့် ကွန်ပနီကို ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် ခန့်အပ်ရန် နှုတ်အားဖြင့် သဘောတူညီမှုရထားပြီး ယခုရက်သတ္တပတ်ကုန်တွင် အတည်ပြုကြေညာနိုင်ဖွယ်ရှိ
Photo: X
Photo: X
Published 23 May 2024

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီကုန်တွင် ဘန်လေအသင်းနှင့် ချန်ပီယံရှစ်သို့ တန်းဆင်းထားရသည့် ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး ယခုရက်သတ္တပတ်ကုန်တွင် အတည်ပြုကြေညာနိုင်ဖွယ်ရှိကြောင်း ဂျာမနီနှင့် ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမနီနည်းပြ သောမတ်စ်တူဟယ်လ်နှင့် လမ်းခွဲမည်ဖြစ်သောကြောင့် ၎င်းနေရာတွင် အစားထိုးရန် နည်းပြသစ်တစ်ဦး ရှာဖွေနေခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ကနဦးတွင် လေဗာကူဆင်အသင်းနည်းပြ အလွန်ဆို၊ နည်းပြဟောင်းဖြစ်သူ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းနှင့် သြစတြီးယားလက်ရွေးစင်အသင်းနည်းပြ ရန်းညက်တို့ကို ပစ်မှတ်ထားခဲ့သော်လည်း သုံးဦးစလုံး၏ ငြင်းပယ်မှုခံရသဖြင့် ဘန်လေအသင်းနည်းပြ ကွန်ပနီကို ပြောင်းလဲ၍ ကြိုးပမ်းနေခြင်းဖြစ်သည်။

ဗြိတိန်အခြေစိုက် The Guardian သတင်းဌာန၏ ဖော်ပြမှုအရ ဘန်လေအသင်းပိုင်ရှင် အလန်ပေ့စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူများသည် ကွန်ပနီ၏လျော်ကြေးအတွက် မေ ၂၂ ရက်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Sky Germany သတင်းဌာနကလည်း နှစ်ဖက်အသင်းအကြား သဘောတူညီမှုမရသေးသော်လည်း ဆွေးနွေးမှုမှာ အပြုသဘောဆောင်ပြီး ကွန်ပနီကိုယ်တိုင်ကလည်း  ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေကြောင်း၊ ၎င်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဖော်ပြသည်။

ထို့ပြင် နာမည်ကြီး ဂျာမနီအားကစားသတင်းဌာနဖြစ်သည့် Bild က ယခုရက်သတ္တပတ်ကုန်တွင် ကွန်ပနီအား ဘိုင်ယန်မြူးနစ်နည်းပြသစ်အဖြစ် ကြေညာနိုင်ဖွယ်ရှိကြောင်း ဖော်ပြသည်။

အသက် ၃၈ နှစ်သာရှိသေးသည့် လူငယ်နည်းပြ ကွန်ပနီသည် ၂၀၁၉-၂၀၂၀ ရာသီတွင် ငယ်စဉ်ဘဝကစားခဲ့ဖူးသည့် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်း၌ ကစားသမား-နည်းပြအဖြစ် ဆောင်ရွက်ခဲ့သော်လည်း ရာသီအစမှာပင် ရလဒ်ပိုင်းဆိုးရွားမှုကြောင့် ကစားသမားအဖြစ်သာ ပြောင်းလဲကစားခဲ့သည်။

ကွန်ပနီသည် ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူ၍ အန်ဒါလက်ချ်အသင်း နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ဘယ်လ်ဂျီယံဖလားဗိုလ်လုပွဲတစ်ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့သည်။

ထို့နောက် ၂၀၂၂ နွေရာသီတွင် ဘန်လေအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပင် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဗိုလ်စွဲကာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရစေခဲ့သည်။

သို့သော် ပရီးမီးယားလိဂ်၌ တစ်ရာသီသာ ကစားခွင့်ရပြီး ၃၈ ပွဲကစား၊ ၂၄ မှတ်သာ ရရှိကာ အဆင့် ၁၉ နေရာဖြင့် တန်းဆင်းခဲ့ရသည်။

ကွန်ပနီနှင့် ဘန်လေအသင်း၏စာချုပ်မှာ ၂၀၂၈ ခုနှစ်အထိ ကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent