ထိုင်းဘုရင်က မြန်မာမင်းသားကို အနိုင်ရခဲ့သည်ဆိုသည့် စီးချင်းထိုးပွဲသည် ဖြစ်ခဲ့ဖွယ်မရှိဟု စောဒက တက်ခဲ့သော ထိုင်းသမိုင်းပညာရှင်အား စွဲချက်တင်ရန် စီစဉ်မှုကို တရားရုံးက ရွှေ့ဆိုင်း

ထိုင်းဘုရင်က မြန်မာမင်းသားကို အနိုင်ရခဲ့သည်ဆိုသည့် စီးချင်းထိုးပွဲသည် ဖြစ်ခဲ့ဖွယ်မရှိဟု စောဒက တက်ခဲ့သော ထိုင်းသမိုင်းပညာရှင်အား စွဲချက်တင်ရန် စီစဉ်မှုကို တရားရုံးက ရွှေ့ဆိုင်း
Published 8 December 2017

ဒီဇင်ဘာ ၇ ရက်က ဘန်ကောက်ရှိ စစ်ဘက်တရားရုံးသို့ ရောက်ရှိလာသော  ထိုင်းသမိုင်းပညာရှင် ဆူလက် (ဝဲ) (Photo : AP)

လွန်ခဲ့သော နှစ် ၅၀၀ က စီးနင်းထိုးပွဲတွင် ထိုင်းဘုရင်က မြန်မာမင်းသားကို အနိုင်ယူခဲ့သည်ဆိုသော ဖြစ်စဉ်သည် အမှန်တကယ် ဖြစ်ခဲ့ခြင်း မရှိဟု စောဒကတက်ခဲ့သော သြဇာကြီး သမိုင်းပညာရှင် တစ်ဦးအား စွဲချက်တင်ရန် ဆုံးဖြတ်ချက်ကို ထိုင်းတရားရုံးက ဒီဇင်ဘာ ၇ ရက်တွင် ရွှေ့ဆိုင်းခဲ့သည်။

အသက် ၈၄ နှစ်အရွယ် ဆူလက်ဆီဝါရက်ဆာသည် တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် အောက်တိုဘာလတွင် စွဲချက်တင်ခံခဲ့ရသည်။

ကျွမ်းကျင်သူများနှင့် သမိုင်းပညာရှင်များ၏ အမြင်ကို ကြားနာရန် ဆူလက်က တောင်းဆိုခဲ့မှုကို စစ်ဘက်ဆိုင်ရာ တရားရုံးက သဘောတူညီခဲ့ပြီး ဇန်နဝါရီ ၁၇ ရက်တွင် နောက်တစ်ကြိမ် ကြားနာရန် ချိန်းဆိုခဲ့သည်။ ၁၅၉၃ ခုနှစ်က နာမည်ကျော်တိုက်ပွဲတွင် ဦးဆောင်ခဲ့သော နာရာဆူအန်ဘုရင်ကို မှတ်ချက်ပေးမှုသည် တရားမဝင်ဟု စဉ်းစားမည်ဆိုလျှင် ထိုင်းတို့အနေဖြင့် သမိုင်းမှ လေ့လာသင်ယူရန် ဖြစ်နိုင်မည် မဟုတ်ဟု ဆူလက်က တရားရုံးအပြင်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်းသမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားရန် တက္ကသိုလ် ဆွေးနွေးပွဲတစ်ခု၌ ဆူလက်က ထိုင်းဘုရင်နှင့် ပတ်သက်သည့် မှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်က ပြောကြားခဲ့သော ယင်းမှတ်ချက်အတွက် ဆူလက်ကို ယခုနှစ် အောက်တိုဘာတွင် တရားစွဲခဲ့ခြင်းဖြစ်သည်။ ထိုင်းစစ်အစိုးရသည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက် တော်ဝင်အသရေဖျက်မှု ဥပဒေဖြင့် တရားစွဲဆိုမှု ၂၅၀ ကျော် ရှိထားကြောင်း ထိုင်းသတင်းစာ Prachatai က ပြောကြားခဲ့သည်။

၁၆ ရာစုနှစ် တိုက်ပွဲနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ခြင်းအတွက် ထင်ရှားသော ပညာရှင်တစ်ဦးကို တော်ဝင်အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းသည် စစ်အစိုးရ၏ ယင်းဥပဒေ အသုံးပြုမှုအတွက် စိတ်ပျက်ဖွယ်ရာ ရေချိန်ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ၏ အာရှဆိုင်ရာ ဒါရိုက်တာ ဘရက်အဒန်က ပြောကြားခဲ့သည်။

ဆူလက်သည် ထင်ရှားသည့် ပညာရှင်တစ်ဦးနှင့် တော်ဝင်ကို လိုလားသူ တစ်ဦးဖြစ်သည်။ သို့သော်လည်း တော်ဝင်အသရေဖျက်မှု ဥပဒေကို သူက ဝေဖန်သည်။

Ref : AFP

Most Read

Most Recent